
ရူးပတ် မားဒေါ့ (ယာ) နဲ့ News International စီအီးအို Rebekah Brooks
မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ ပိုင်တဲ့ သတင်းစာကနေ တယ်လီဖုန်းလိုင်း ကြားဖြတ် ခိုးယူ အသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး ရေး ကော်မတီ ဖွဲ့ဖို့ တောင်းဆိုမှုတွေကို ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ထောက်ခံခဲ့ ပါတယ်။
မစ္စတာ မားဒေါ့ရဲ့ News International ကုမ္ပဏီပိုင်တဲ့ News of the World သတင်းစာကနေ အသတ်ခံရပြီး သေဆုံးခဲ့တဲ့ မိန်းကလေးတစ်ဦး ပျောက်ဆုံးခဲ့စဉ်တုန်းက သူ့ရဲ့ ဖုန်းလိုင်းကို ကြားဖြတ် ခိုးပြီး ဖမ်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် လူအားလုံးက စိတ်ပျက်ရွံရှာမှု ဖြစ်ရတယ်လို့ မစ္စတာ ကင်မရွန်းက ဗြိတိသျှပါလီမန်မှာ ပြောပါတယ်။
နောက်ပြီး ၂၀၀၅ ဇူလိုင် ၇ ရက် လန်ဒန်ဗုံးခွဲခံရပြီးနောက် သေဆုံးသူတွေရဲ့ မိသားစု ဝင်တွေရဲ့ ဖုန်းလိုင်းတွေလည်း ခိုးပြီး ဖမ်းယူမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် မစ္စတာ ကင်မရွန်းကတော့ ရဲရဲ့ စုံစမ်းစစ်ဆေးမှုတွေ အရင်လုပ်ပြီးသွားမှ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြည့်ပြည့်ဝဝ လုပ်နိုင်မယ်လို့ ပြောပါတယ်။

News of the World က ဗြိတိန်မှာ ဒုတိယစောင်ရေအများဆုံးလောက် ရောင်းရ
News of the World သတင်းစာရဲ့ အယ်ဒီတာ Andy Coulson ဟာ ရဲကို ငွေပေးပြီး သတင်း အချက်အလက်ဝယ်ယူခဲ့တယ်လို့ ယူဆလို့ရတဲ့ အီးမေးလ်တွေကိုလည်း ကုမ္ပဏီကနေ ရဲဆီကို ပို့ပေး လိုက်ပြီလို့ ကုမ္ပဏီဘက်က အတည်ပြု ပြောခဲ့ပါတယ်။ ဒီလို ရဲဆီက ငွေပေးပြီး သတင်း အချက်အလက် ဝယ်ယူတာဟာလည်း ဥပဒေနဲ့ ငြိစွန်းနေပါတယ်။
မစ္စတာ ကူလ်ဆင်ဟာ နောက်ပိုင်းမှာ သတင်းစာက ထွက်ပြီးနောက် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ မီဒီယာအကြံပေးဖြစ်လာခဲ့ပြီး ဒီနှစ်ဆန်းပိုင်းကတော့ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
မစ္စတာ ကင်မရွန်းရဲ့ ဒီဆက်နွယ်မှုနဲ့ ပတ်သက်လို့လည်း ဒီနေ့ဗြိတိသျှပါလီမန်အတွင်းမှာ ဝန်ကြီးချုပ်ဟာ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အတိုက်အခံခေါင်းဆောင် မစ္စတာ အက်ဒ် မီလီဘန် ပြောတာကတော့ မစ္စတာ ကင်မရွန်းဟာ ဒီလိုပုဂ္ဂိုလ်တစ်ဦးကို ခန့်ခဲ့တာက အကဲဖြတ်မှု အလွန်တရာပဲ ချွတ်ချော် မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။

