
အိမ် အကျယ်ချုပ်ကနေ လွတ်လာအပြီး strausss-kahn ကို ဇနီးသည်နဲ့ တွေ့ရစဉ်
IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ အကြီးအကဲဟောင်း Dominique Strauss-Kahn ရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုကို လွန်ခဲ့တဲ့ ၉နှစ်က ခံခဲ့ရတယ် ဆိုတဲ့ ပြင်သစ် စာရေးဆရာမ တဦးက Dominique Strauss-Kahn ကို သူတရား စွဲဖို့ ပြင်နေတယ်လို့ ပြောပါတယ်။
၂၀၀၃ ခုနှစ်တုန်းက ပဲရစ်မြို့ တိုက်ခန်းတခုမှာ အင်တာဗြူး လုပ်ဖို့ ကြိုးစားတဲ့ အဲဒီ စာရေး ဆရာမ Tristane Banon ကို Mr Strauss-Kahn က မတရား ပြုကျင့်ဖို့ ကြံခဲ့ကြောင်းနဲ့ အခုအခါ Mr Strauss-Kahn ကို ရာဇဝတ်ကြောင်း အရ တရားစွဲဖို့ လုပ်နေကြောင်း Miss Banon ရဲ့ ရှေ့နေက ပြောပါတယ်။
Miss Banon က တရားစွဲမယ်လို့ ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ Mr Strauss-Kahn ကလည်း မတရား စွပ်စွဲပြောဆိုမှု နဲ့ တန်ပြန် တရားစွဲဖို့ သူ့ရှေ့နေကို ညွှန်ကြားလိုက် ပါတယ်။
Mr Strauss-Kahn ဟာ ဟိုတယ် သန့်ရှင်းရေး ဝန်ထမ်း အမျိုးသမီးတဦးကို မတရား ပြုကျင့် ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ New York မြို့မှာ အိမ်အကျယ်ချုပ် ခံခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
သက်သေတဦးအဖြစ် အဲဒီ အမျိုးသမီးရဲ့ ထွက်ဆိုချက်တွေအပေါ် ယုံကြည်သင့်မသင့် သံသယတွေ ထွက်ပေါ်ခဲ့အပြီး Mr Strauss-Kahn အပေါ် စွဲဆိုထားတဲ့ အဲဒီ အမှုက အခုအခါ ပျက်ပြယ်လု ဖြစ်နေပြီလို့ ယူဆရပါတယ်။
New York မြို့မှာ Mr Strauss-Kahn အဖမ်းခံရ ပြီးပြီးချင်းမှာပဲ Miss Banon က လွန်ခဲ့တဲ့ ၉နှစ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို ထုတ်ပြောခဲ့ပါတယ်။
ဖြစ်ဖြစ်ချင်း အချိန်တုန်းက ရဲကို သွားတိုင်တာမျိုး မလုပ်ခဲ့ပေမဲ့ ၂၀၀၇ ခုနှစ် ရုပ်မြင်သံကြား စကားပြောခန်းတခုမှာ ဒီကိစ္စကို ထုတ်ပြောခဲ့ရာမှာ Mr Strauss-Kahn နာမည်ကို မလွှင့်ပဲ ဆင်ဆာဖြတ် ထုတ်ခဲ့ရပါတယ်။

