နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2011 - 16:21 GMT

မလာဒစ်ချ်ကို တရားရုံးထဲက ဆွဲထုတ်ခဲ့

Mladic

ဗိုလ်ချုပ်ကြီး မလာဒစ်ချ်

အရင် ဘော့စနီးယား ဆာ့ဘ် စစ်ခေါင်းဆောင်ဟောင်း ရက်ချ်ကို မလာဒစ်ချ်ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က ကုလသမဂ္ဂ တရားရုံးမှာ ကြားနာ စစ်ဆေးနေစဉ်အတွင်း အဆက်မပြတ် နှောက်ယှက်မှု လုပ်တဲ့အတွက် သူ့ကို တရားရုံးထဲကနေ ခေါ်ထုတ်သွားခဲ့ရပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဖြစ်ခဲ့တဲ့ ဘော့စနီးယားစစ်ပွဲအတွင်း လူသတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်တွေနဲ့ပတ်သက်လို့ မေးခွန်းတွေကို ဗိုလ်ချုပ်ကြီး မလာဒစ်ချ်က ဖြေဆိုဖို့ ငြင်းခဲ့တာကြောင့် သူ့ကိုယ်စား တရားသူကြီးတွေက သူဟာ အပြစ်မရှိဘူးလို့ ဆိုလိုကြောင်း မှတ်ချက်ချခဲ့ကြပါတယ်။

တရားသူကြီးအဖွဲ့အကြီးအကဲ အဲ့လ်ဖွန်စ် အော်ရီ ပြောတာကတော့ သူဘက်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပေမယ့် တရားရုံးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ဟာ သူ့နားမှာ တပ်ထားတဲ့ ဘာသာပြန် နားကြပ်တွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

နောက်ပြီး ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ဟာ တရားရုံးကနေ စီစဉ်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ယာယီအကြံပေး စောင့်ရှောက်မှုကို ငြင်းပယ်ခဲ့ပြီး သူ့အတွက် အမြဲတမ်းဥပဒေ အကျိုးဆောင် အဖွဲ့တစ်ခု ထားခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရားသူကြီးတွေကတော့ ဒီကိစ္စကို ရက်ပိုင်းအတွင်း ဖြေရှင်းမယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။