နောက်ဆုံး ရေးသားချိန် 3 ဇွန်လ 2011 - 01:32 GMT

Assad အတွက် အချိန် သိပ်မကျန်တော့ဘူးလို့ Clinton ပြော

syria

သမ္မတရဲ့ ကမ်းလှမ်းချက်ကို အတိုက်အခံတွေ ပယ်ချ

ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင် ဆန္ဒ ပြမှုတွေအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ဆက်ရှိနေချိန်မှာပဲ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး Hillary Clinton က သမ္မတ Assad အတွက် အချိန် သိပ်မကျန်တော့ဘူး လို့ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အစိုးရ အပေါ် ဖိအားပေးဖို့ အမေရိကန်အစိုးရက အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တချို့ကတော့ တုန့်ပြန် ဆောင်ရွက်မှုမျိုး မရှိဘူးလို့ ဝါရှင်တန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Mrs Clinton က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အတွက် အမေရိကန် အစိုးရအနေနဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင် မဟာမိတ် နိုင်ငံတွေနဲ့ အတူ အနီးကပ် ပူးပေါင်း လုပ်ဆောင် နေခဲ့ပြီး ဥရောပ နိုင်ငံတွေအနေနဲ့ ဆီးရီးယား အစိုးရ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြောင်း၊ ဒါပေမဲ့ တောင့်တင်း ခိုင်မာပြီး ညီညွတ်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း (အထူးသဖြင့်) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ်တို့လို အဖွဲ့အစည်းကြီး တွေဆီကတော့ ဘာတုန့်ပြန် ဆောင်ရွက်မှု မျိုးမှ မရှိတဲ့အတွက် သူ့အနေနဲ့ အတော် စိတ်မကောင်း ဖြစ်မိကြောင်း Mrs Clinton က ပြောသွားပါတယ်။

တူရကီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ဆီးရီးယား အတိုက်အခံ အုပ်စုတွေက သမ္မတ Assadရဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းချက်ကို ပယ်ချ လိုက်ပါတယ်။

ပြည်ပရောက် အတိုက်အခံတွေ အများစုပါတဲ့ အဲဒီ နိုင်ငံရေး လှုပ်ရှားသူတွေက သမ္မတ Assad ရာထူးကနေ ချက်ချင်း ဆင်းပေးဖို့ စုပေါင်း တိုက်တွန်းခဲ့ကြပါတယ်။

နိုင်ငံ အလယ်ပိုင်း Rastan မြို့မှာတော့ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက အမြောက်တွေနဲ့ ဆက်လက် ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းက အဲဒီမှာ အနည်းဆုံး လူ၁၅ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ရေး တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ အဲဒီမှာ သေဆုံးသူပေါင်း ၅၀ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။