နောက်ဆုံး ရေးသားချိန် 5 မေလ 2011 - 16:41 GMT

ပထမအကြိမ် အာဆီယံ-အီးယူ ဆွေးနွေးပွဲ

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံနဲ့ ဥရောပ သမဂ္ဂ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ ပိုပြီး ကျစ်လစ် ထိရောက်ဖို့ အတွက် ကျန်းမာရေး၊ ဝန်ဆောင်မှု၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ ကားထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေး အခြေခံတဲ့ လုပ်ငန်း နယ်ပယ်တွေမှာ နှစ်ဘက် ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

ASEAN-EU Business Summit

အာဆီယံ-အီးယူ ပထမအကြိမ် စီးပွားရေး ထိပ်သီးစည်းဝေးပွဲ ဂျာကာတာတွင် ကျင်းပ

အာဆီယံထိပ်သီးစည်းဝေးပွဲမတိုင်ခင်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ ဒီစည်းဝေးပွဲကို မြန်မာနိုင်ငံဘက်က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဥက္ကဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။

အာဆီယံနဲ့ ဥရောပ သမဂ္ဂရဲ့ နိုင်ငံစုံက စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ အမှုဆောင် အရာရှိချုပ်တွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု အခွင့်အလမ်းတွေ အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ သူတို့ကို ပြန်လည် မေးမြန်း ဆွေးနွေးတာတွေလည်း လုပ်ခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့ရောက် အစည်းအဝေး တက်ရောက်သူ UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေသာမက ဘဏ်လုပ်ငန်းတွေ၊ ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ အာဆီယံ နိုင်ငံတွေဘက်က ဆွေးနွေးခဲ့သလို ဥရောပ သမဂ္ဂ ဘက်ကလည်း လိုအပ်တဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ကိစ္စတွေ ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ပတ်သက်လို့တော့ ရှိရင်းစွဲ ဥရောပ သမဂ္ဂနဲ့ တနိုင်ငံချင်း သဘော တူညီချက်တွေ သာမက အထက်က ဆိုခဲ့တဲ့ နယ်ပယ် ငါးခုမှာ အာဆီယံနဲ့ ဥရောပ သမဂ္ဂကြား ဘယ်လို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မလဲ၊ ဥရောပ သမဂ္ဂနဲ့ နိုင်ငံ တခုချင်း ဘယ်နယ်ပယ်တွေမှာ ဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေး ခဲ့ကြတယ် လို့လည်း သိရပါတယ်။

မြန်မာအနေနဲ့ကတော့ အစားအစာ စိတ်ချ လုံခြုံမှု၊ အစားအစာ ထုတ်လုပ်မှု နည်းပညာနဲ့ စျေးကွက် အခွင့်အလမ်းတွေ ရနိုင်ဖို့ ရှိပေမယ့် အခု ပထမ အကြိမ် အစည်းအဝေးဟာ နိုင်ငံချင်းအလိုက် ဆွေးနွေးတာမျိုး မဟုတ်ဘဲ အာဆီယံနဲ့ ဥရောပ သမဂ္ဂကြား နှစ်ဘက် ဆွေးနွေးတာမျိုး ဖြစ်ပါတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

EU Generalised System of Preferences (GSP) လို့ခေါ်တဲ့ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ပေးခဲ့ဖူးပြီး အခု စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် မရတော့တဲ့ အထူး ကုန်သွယ်မှု အခွင့်အရေး အတွက်တော့ နိုင်ငံချင်း ဆွေးနွေးတာမျိုး မဟုတ်တဲ့အတွက် ဒီအစည်းအဝေးမှာ မဆွေးနွေး ဖြစ်ခဲ့ဖူးလို့ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမား တချို့ကတော့ ဒီ GSP ကို မြန်မာကို ပြန်ပေးဖို့ ဥရောပ သမဂ္ဂကို မကြာခင်ကပဲ တောင်းဆိုခဲ့ကြပါသေးတယ်။


bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။