နောက်ဆုံး ရေးသားချိန် 29 ဧပြီလ 2011 - 16:20 GMT

လူအများ စောင့်စားခဲ့ကြရတဲ့ မင်္ဂလာပွဲနေ့

Royal Wedding

လက်ထပ်ပြီး ဘုရားကျောင်းက အပြန်

ဗြိတိသျှ ထီးနန်းကို ဆက်ခံ နိုင်ခွင့် ရှိသူ အဖြစ် ဒုတိယ နေရာမှာ ရှိတဲ့ မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်လ်တန် တို့ရဲ့ မင်္ဂလာ ပွဲကို လန်ဒန်မြို့က Westminister Abbey ဘုရား ကျောင်းမှာ သောကြာနေ့ မနက်က ကျင်းပခဲ့ ပါတယ်။

မင်းသား ဝီလျံနဲ့ ကိတ်တို့ ကို ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒေါက်တာ ရိုဝမ် ဝီလျံရဲ့ ရှေ့မှောက်မှာ သတို့သားနဲ့ သတို့သမီးတို့က အေးအတူ ပူအမျှ သက်ဆုံးတိုင် ချစ်ခင်စွာ ပေါင်းဖက် ကြပါမယ့် အကြောင်း အပြန် အလှန် တိုင်တည် သစ္စာနှံခဲ့ကြ ပါတယ်။

ကမ္ဘာ တဝန်းက လူပေါင်း သန်းနဲ့ ချီပြီး စောင့်ကြည့်ခဲ့ကြတဲ့ ဒီ မင်္ဂလာ အခမ်း အနားမှာ ကိတ် မစ်ဒယ်လယ်လ်တန်က မင်းသား ဝီလျံ အပေါ် ချစ်ခြင်း မေတ္တာ၊ နှစ်သိမ့် အားပေးမှု နဲ့ လေးစား တန်ဖိုးထား ပါမယ်လို့ ကတိ သစ္စာ ပြုခဲ့ ပေမဲ့ ကွယ်လွန်သူ ဝေလ မင်းသမီး ဒိုင်ယာနာ လိုပဲ "Obey" နာခံပါ့မယ် ဆိုတဲ့ စကားလုံးကို သုံးဖို့ ကိတ်က ရှောင်ရှားခဲ့ ပါတယ်။

တော်ဝင် ထုံးတမ်း အစဉ် အလာ အရ အဖွား ဖြစ်သူ ဗြိတိသျှ ဘုရင်မကြီး အယ်လစ်ဇဘက်က မင်းသား ဝီလျံမင်္ဂလာ ဆောင်တဲ့ နေ့မှာ ဘွဲ့ထူး တစ်ခု အပ်နှင်းလိုက် ပါတယ်။

ဗြိတိန် နိုင်ငံက မှူးမတ် ဘွဲ့ထူးတွေ ထဲမှာ အမြင့်ဆုံး ဖြစ်တဲ့ မြို့စားကြီး ရာထူးကို အပ်နှင်း ခံလိုက်ရတဲ့ အတွက် မင်းသား ဝီလျံဟာ "Duke of Cambridge" ဆိုတဲ့ ကိမ်းဘရစ်ချ် မြို့စားကြီး ဖြစ်သွားပြီး သူ့ရဲ့ လက်ထပ်ပြီး ကာစ ပူပူနွေးနွေး ဇနီး ကိတ်က မြို့စား ကတော် ဖြစ်လာ ပါတယ်။

မင်္ဂလာ မောင်နှံကို စောင့်ကြို နေကြ သူများ

Picture of Royal Wedding

မင်္ဂလာပွဲကို ကမ္ဘာ တဝန်းလုံးက လာရောက် အား ပေးကြ

ဝီလျံနဲ့ ကိတ်တို့ ဘုရားကျောင်း ထဲမှာ အပြန် အလှန် မင်္ဂလာ ကတိ သစ္စာနှံ နေကြချိန်မှာ ဘုရားကျောင်း အပြင်ဘက်မှာ သိန်းသောင်းချီတဲ့ လူတွေ ရှိနေခဲ့ကြပြီး တချို့က ယူနီယံ ဂျက် အလံကို ဝှေ့ယမ်းကြလို့ အော်ဟစ် ဆုတောင်း နေခဲ့ကြပါတယ်။

အနီးဝန်းကျင်က လမ်းတွေပေါ်မှာနဲ့ Hyde Park ပန်းခြံကြီး ထဲမှာ ထောင်ထားတဲ့ ဧရာမ ရုပ်မြင် သံကြား ဖန်သားပြင် ကြီးတွေ ပေါ်က နေလည်း မင်္ဂလာ အခမ်း အနားကို လူတွေ အတော် များများ စောင့်ကြည့် အားပေး ခဲ့ကြ ပါတယ်။

တချို့ဆို မင်္ဂလာ အခမ်း အနား အပြီးမှာ ထိမ်းမြား ပြီးကာစ မင်္ဂလာ မောင်နှံ ဘုရားကျောင်းကနေ ပြန်ထွက်ပြီး အမိုးဖွင့် မြင်းရထား နဲ့ ဘတ်ကင်ဟမ် နန်းတော်ဆီ အပြန် မြင်ကွင်းကို ကောင်းကောင်း တွေ့မြင် နိုင်ကြရဖို့ အကောင်းဆုံး နေရာ ရယူနိုင်အောင် ရက်နဲ့ ချီပြီး ညအိပ်ညနေ သွားရောက် နေရာယူ စောင့်စား ခဲ့ကြရ ပါတယ်။

မင်္ဂလာပွဲ အပြီး နန်းတော်ပြန်ရောက်လို့ သိပ်မကြာခင်မှာတော့ မင်္ဂလာ မောင်နှံက ဘတ်ကင်ဟမ် နန်းတော် လေသာဆောင်ကို ထွက်လာပြီး စောင့်စား နေကြတဲ့ လူထုကို လက် ဝှေ့ယမ်း နှုတ်ဆက် ခဲ့ကြ ပါတယ်။

လုံခြုံရေး အစီ အမံများ

Security for Royal Wedding

တော်ဝင် မင်္ဂလာပွဲ အတွက် လုံခြုံရေး တွေ အသေ အချာ ချထား

တော်ဝင် မင်္ဂလာပွဲ အတွက် လန်ဒန်မြို့ မှာ လုံခြုံရေး တွေ အကြီး အကျယ် ချထားရာမှာ ရဲ ဝန်ထမ်း ငါးထောင်ကျော် တာဝန်ယူ ထားပါတယ်။

လူပေါင်း လေးဆယ် ကျော်ကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ ထဲမှာ တည်ငြိမ် အေးဆေးမှုကို ချိုးဖောက်မှု က အများဆုံး ဖြစ်တယ် လို့လည်း ရဲတွေက ပြောပါတယ်။

ဒီလုံခြုံရေး လုပ်ငန်း အတွက် အမေရိကန် ဒေါ်လာ ၁၁ သန်း ကုန်ကျမယ်လို့ ခန့်မှန်း နေကြ ပါတယ်။

တာဝန်ကျ သူတွေထဲမှာ ယူနီဖောင်းဝတ် ရဲတွေ၊ အရပ်ဝတ် ရဲတွေ၊ ရဲခွေး ထိန်းတဲ့ ရဲတွေ၊ မြင်းစီး ရဲ ဝန်ထမ်းတွေ ပါဝင် ပါတယ်။

ဗြိတိန်မှာ လက်နက် တပ်ဆင် ထားတဲ့ ရဲအချိုး အစား အနည်းငယ်သာ ရှိပေမဲ့ လက်နက်ကိုင် ရဲတပ်စုလည်း လုံခြုံရေး တာဝန် ယူကြသူတွေထဲ ပါဝင်ပါတယ်။

လန်ဒန် မြို့တော်ရဲ မင်းကြီး ပေါစတီဗင်ဆန်က သူ့ တပ်ဖွဲ့ တွေဟာ နှစ်စဉ် လူထု ထောင်ချီ ပါဝင်တဲ့ ပွဲတွေကို လုံခြုံရေး ယူနေကျ ဖြစ်ပြီး သူတို့ အလုပ် ကို ကျွမ်းကျင် သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။