
ပေါ်တူဂီ ဝန်ကြီးချုပ် Jose Socrates
ပေါ်တူဂီနိုင်ငံဟာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပြဿနာကို ရင်ဆိုင်နေရတာကြောင့် အရေးပေါ် ဘဏ္ဍာရေး အကူအညီပေးဖို့ ဥရောပ သမဂ္ဂ ဆီမှာ တောင်းဆို လိုက်ပါတယ်။
နိုင်ငံခြားက ဘဏ္ဍာရေး အကူအညီယူဖို့ ဆိုတာ နောက်ဆုံး အဆင့်ကျမှ လုပ်ရမှာ ဖြစ်ပေမယ့် အခုတော့ ဒါကို မဖြစ်မနေ လုပ်ရမယ့် အခြေအနေ ဆိုက်နေပါပြီလို့ ဝန်ကြီးချုပ် Jose Socrates က ရုပ်မြင်သံကြားကနေ ပြောကြား ခဲ့ပါတယ်။
ပေါ်တူဂီ နိုင်ငံရဲ့ ပြဿနာကို ကူညီဖို့ အသင့်ပါဘဲလို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ဆိုပေမယ့် ပေါ်တူဂီက သူတို့ဆီမှာ ဘဏ္ဍာရေး အကူအညီ တောင်းမထား သေးဘူးလို့ ပြောပါတယ်။
ဥရောပ ကော်မရှင်ကတော့ ပေါ်တူဂီ အစိုးရရဲ့ အကူအညီ တောင်းခံမှုကို အလျင် အမြန် ဖြည့်ဆည်းသွားမယ် လို့ ဆိုပါတယ်။
ယူရို ငွေကြေးသုံး နိုင်ငံတွေထဲမှာ ပေါ်တူဂီဟာ ဂရိနဲ့အိုင်ယာလန်ပြီးရင် တတိယမြောက် ဘဏ္ဍာရေးအကူအညီ တောင်းခံရ တဲ့ နိုင်ငံဖြစ်ပါတယ်။
ဂရိနဲ့ အိုင်ယာလန် တုန်းကလို ပေါ်တူဂီရဲ့ ဘဏ္ဍာရေး အကူအညီ တောင်းခံမှုက စျေးကွက်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်မသွားခဲ့ပါဘူးလို့ ဥရောပ ရေးရာ ဆိုင်ရာ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ပေါ်တူဂီဟာ ဥရောပ သမဂ္ဂ အတွင်းမှာ မကြာခင် ကာလတွေ အတွင်း စီးပွားရေး အကျပ်အတည်း ဆိုက်နေတဲ့ တတိယမြောက် နိုင်ငံလည်း ဖြစ်ပါတယ်။
သူ့အရင်က ဂရိနဲ့ အိုင်ယာလန်တို့ ဟာလည်း စီးပွားရေး ပြဿနာကြောင့် ဥရောပ သမဂ္ဂ ဆီက ငွေကြေးအကူအညီတွေ တောင်းခံ ခဲ့ရပါတယ်။
အီးယူရဲ့ ထိပ်တန်း စီးပွားရေးဆိုင်ရာ အရာရှိ အိုလီ ရေး ကတော့ ပေါ်တူဂီရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်သိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဥရောပ ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ ပေါ်တူဂီနိုင်ငံသားလည်းဖြစ်တဲ့ ဂျိုဆေး မန်နွဲလ် ဘာရိုဆိုကလည်း ပေါ်တူဂီရဲ့ ပန်ကြားချက်ကို အမြန်ဆုံးဆောင်ရွက်မယ်လို့ ပြောပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း ပေါ်တူဂီနိုင်ငံကို အီးယူအဖွဲ့ တစ်ခု စေလွှတ်နိုင်ဖွယ် ရှိပါတယ်။
ဒီသတင်းပတ် အကုန်မှာ လုပ်မယ့် အီးယူ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ ပုံမှန် အစည်းအဝေး မှာလည်း ပေါ်တူဂီကိစ္စဟာ ဦးစားပေး ဆွေးနွေးဖွယ် ရှိပါတယ်။
ဒေါ်လာဘီလျံ ရာဂဏန်းထိ လိုအပ်နိုင်တဲ့ ပေါ်တူဂီကို ငွေထုတ်ချေးရေးမှာ ဥရောပ ကော်မရှင်နဲ့ ဥရောပ ဗဟိုဘဏ် နှစ်ခုစလုံးတို့က ပါဝင် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်း ကူညီဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

