ပြီးခဲ့တဲ့လကမှာ ငလျင်ကြီးဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဂျပန် နိုင်ငံ အရှေ့မြောက် ကမ်းခြေမှာ ကြာသပတေးနေ့ ညကလဲ ပြင်းထန်တဲ့ ငလျင်တခု ထပ်လှုပ် သွားပါတယ်။

ရုပ်မြင်သံကြားစက်တွေ စင်ပေါ်ကပြုတ်ကျတဲ့ အထိ ပြင်းထန်
လူတွေအိပ်ယာဝင်စမှာ လှုပ်သွားတာဖြစ်ပြီး ကနဦးတိုင်းထွာချက်တွေအရ ပြင်းအား ၇ လောက် ရှိတယ်လို့ဆိုပါတယ်။ လှုပ်ပုံက ဘေးတိုက်ရော အထက်အောက်ပါ လှုပ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တယ်လီဗီးရှင်းစက်တွေ စင်တွေပေါ်ကပြုတ်ကျပြီး လူတွေလည်း လမ်းတွေပေါ်ထွက်ပြေးခဲ့ကြပါတယ်။
မီယာဂီပြည်နယ်ကမ်းခြေမှာ အမြင့်သုံးပေလောက်ရှိတဲ့ လှိုင်းတွေ တက်လာလို့ ချက်ခြင်း အစိုးရက ဆူနာမီ သတိပေးချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီသတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ကမ်းရိုးတန်းတချို့နေရာတွေမှာ မီးတွေပျက်ကုန်ပြီး ရေပိုက်တွေလည်းပေါက်ကုန်တယ်လို့ ဆိုပါတယ်။
အခုငလျင်ထပ်လှုပ်ရာဒေသဟာ ပြီးခဲ့တဲ့လက လှုပ်သွားတဲ့ နေရာနဲ့လဲ နီးတာမို့ ပျက်သွားတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံကြီး ထပ်ပေါက်ကွဲမှာကို လူထုက စိုးရိမ်နေကြပါတယ်။
အစိုးရကတော့ အဲဒီက အရေးပေါ်အလုပ်သမားတွေကို ချက်ခြင်း နေရာရွှေ့ပြောင်း ပေးခဲ့ပါတယ်။ ဒါပေမယ့် နျူစက်ရုံကတော့ ဘာမှ မဖြစ်ဘူးလို့ သိရပါတယ်။
နောက်ထပ် နျူကလီးယားစက်ရုံတခုမှာတော့ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်သွားခဲ့ပေမဲ့ အရေးပေါ်မီးစက်နဲ့ ပြန်လည်ပတ်နေနိုင်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့လက ငလျင်ကြီးကြောင့် နောက်ဆက်တွဲ ငလျင်တွေဆက်လှုပ်လာနိုင်တာကို သိထားတဲ့ ဂျပန်လူထုကတော့ ပြင်ပြင်ဆင်ဆင်ရှိကြပါတယ်။ ဒါပေမယ့် ညကလှုပ်လိုက်တဲ့ ငလျင်ကတော့ လူတွေ စိုးရိမ်သွားရ လောက်အောင် အားပြင်းခဲ့တယ်လို့ တိုကျိုမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ရေချယ်ဟာဗီက ဆိုပါတယ်။

