ယီမင် နိုင်ငံမှာ သမ္မတ အလီ အက်ဘ်ဒူလာ ဆာလေးကို ရာထူးက ဖယ်ရှားဖို့ တောင်းဆို နေကြတဲ့ ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ကျည်ဆန် အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ နဲ့ ပစ်ခတ် ခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်း ဒေသက အာရပ် နိုင်ငံ တွေ မှာ နိုင်ငံရေး မငြိမ် မသက်မှုတွေ တနိုင်ငံပြီး တနိုင်ငံ ဆက်တိုက် ဖြစ်လာနေရာမှာ ယီမင်မှာ လည်း မငြိမ်သက်မှု တွေ က ဆက်ပြီး ရှိနေပါတယ်။

ယီမင်မှာ ဆန္ဒပြသူတွေကို လုံခြုံရေး တွေက ပစ်ခတ် နှမ်နင်းခဲ့
ယီမင်ရဲ့ အခြေအနေ ကို ဝါရှင်တန် နဲ့ အနောက် နိုင်ငံ အစိုးရတွေ က အထူးအလေး ဂရုပြု စောင့်ကြည့် နေကြပါတယ်။
ဒီလို အလေးထား ကြည့်နေကြတဲ့ အကြောင်း တွေ လည်း ရှိနေပါတယ်။ ယီမင် ဆန္ဒပြပွဲ တွေရဲ့ ဦးတည် ဆန့်ကျင်မှု ကို ခံနေရတဲ့ သမ္မတ အလီ အက်ဘ်ဒူလာ ဆာလေး ဟာ အကြမ်းဖက် သမား တိုက်ဖျက်ရေး စစ်ပွဲ ကို ဦးဆောင် ဆင်နွဲ နေတဲ့ အမေရိကန် ရဲ့ အဓိက မဟာမိတ် တဦး ဖြစ်ပါတယ်။
အယ်ကိုင်းဒါးတို့ ဟာ သူတို့ရဲ့ လက်တံ ဌာနခွဲ တွေကို ယီမင် မှာ အခြေစိုက် ထားနိုင် နေပါတယ်။ သင်တန်းတွေ လည်း အဲဒီမှာ ပေးနေပါတယ်။ ဒါတွေ ကို ယီမင်မှာ ကောင်းကောင်း မနှိမ်နှင်း နိုင်သလို ထိန်းချုပ် နိုင်စွမ်းလည်း မရှိပါဘူး။
တခါ ယီမင် ဟာ ပင်လယ်နီ ရဲ့ ပင်လယ်ဝ မှာ ရှိတဲ့ အတွက် သေနင်္ဂ ဗျူဟာ ကျတဲ့ နေရာ မှာ ရှိနေ ပါတယ်။ ယီမင်ကို သာ လက်လွှတ် ဆုံးရှုံး ရမယ် ဆိုရင် မြေထဲ ပင်လယ် နဲ့ ပင်လယ်နီ ကို ဆက် ထားတဲ့ စူးအက် တူးမြောင်း အဝင် အထွက် ကိစ္စ အတွက် ပြဿနာ တက်ပြီး အမေရိကန် တို့ အဖို့ အကြီး အကျယ် ခေါင်းခဲ စရာ ဖြစ်လာ နိုင်ပါတယ်။
ဒီအချက်တွေကြောင့် အမေရိကန် ဟာ ယီမင်မှာ လူထု ဆန္ဒပြပွဲ တွေ စလာ ကတည်း က အခု အချိန် ထိ သတိကြီးကြီးနဲ့ တုံ့ပြန်တာကို တွေ့နေခဲ့ ရပါတယ်။ အစပိုင်းမှာ သူတို့ အနေနဲ့ သမ္မတ ကို ရာထူးကနေ ချက်ချင်း ဆင်းသွား တာမျိုး အဆော တလျင် ကြီး ဖြစ်စေချင်ပုံ မရပါဘူး။ သေချာ ရေရာတဲ့ အသွင်ကူးပြောင်း ရေး အစီ အစဉ်မျိုး ချမှတ် ချင်ပုံ ရပါတယ်။
အမေရိကန် သဘောထား ပြောင်းလာတာ မြင်ရ
အခုတလော ဖြစ်လာတဲ့ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက် လာတာတွေ နောက်မှာ တော့ အမေရိကန် အနေနဲ့ လေသံ နည်းနည်း ပြောင်းလာ နေပါတယ်။
အမေရိကန် အစိုးရ မျက်စိ ထဲ ယီမင် သမ္မတ ဆာလေး ဟာ အမေရိကန် အဖို့ တန်ဖိုး ထားရာ အဖိုးတန် ပစ္စည်း တခု ကနေ ဝန်ထုပ်ဝန်ပိုး တခု ဖြစ်လာ နေပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြသူတွေထဲ ကျောင်းသားတွေ ကျောင်းဆရာတွေနဲ့ မြို့ပေါ်က အလယ် အလတ်လွှာတွေ အပြင် ဂျီဟတ် ဝါဒီ တွေ ခွဲထွက်ရေး သမားတွေနဲ့ အပါ အဝင် လူထုတွေ လူပေါင်းစုံ ပါဝင်နေတဲ့ ကိစ္စကလည်း ပြဿနာ ဖြစ်ပါတယ်။
တကယ်လို့ သမ္မတ ဆာလေး အာဏာ မရှိတော့ရင်လည်း အစားထိုးဝင်လာမယ့် သူက နိုင်ငံ ရဲ့ အင်အားစု တွေကို စုစည်း ပြီး စည်းရုံး နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်လာ ဖို့ထက် တိုင်းပြည် ပြိုကွဲ မယ့် အခြေအနေ က ပိုဖြစ် နိုင်ချေ ရှိတယ်လို့ တွက်ဆ ပြီး စိုးရိမ် နေကြပါတယ်။

