နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2011 - 00:48 GMT

မူဘာရက် ဆက်နေဖို့ ကန် ကိုယ်စားလှယ် ပြော

Mubarak

မူဘာရက်ကို ရာထူးက ဆင်းပေးဖို့ ဆက်လက် ဆန္ဒပြ တောင်းဆို နေဆဲ

အီဂျစ် နိုင်ငံမှာ မူဘာရက်ကို ဆင်းပေးဖို့ တောင်းဆို ဆန္ဒ ပြနေတာ ဆယ့်နှစ်ရက် ရှိလာ ခဲ့ပြီ ဖြစ်ပေမယ့် ဟော့ဇနီ မူဘာရက်ကတော့ ခုထိ ရာဇပလ္လင် ပေါ်ကနေ မဆင်းနိုင် သေးပါဘူး။

လွတ်လပ်ရေး ရင်ပြင်မှာ လူတွေက ဇွဲကောင်းကောင်းနဲ့ ဆက်ပြီး ဆန္ဒ ပြနေပြီး အစောပိုင်းကတော့ မူဘာရက်သား အပါအဝင် အာဏာရ အမျိုးသား ဒီမို ကရက်တစ် ပါတီက ထိပ်တန်း ခေါင်းဆောင် တချို့ ရာထူးက နှုတ်ထွက် ပေးခဲ့ပါတယ်။

ဒီတော့ အီဂျစ်ရဲ့၊ မူဘာရက်ရဲ့ မိတ်ဆွေရင်းကြီး အမေရိကန် ပြည်ထောင်စုရဲ့ အမြင်က ဘယ်လိုရှိပါလဲ။

တကယ်တော့ အီဂျစ်မှာ ကျကျနန အာဏာ လွှဲပြောင်းပေးဖို့ အမေရိကန်က တောင်းဆို နေတာလည်း လူသိရှင်ကြားပါ။

ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ ရည်ရွယ်ချက် ရှိရှိလုပ်မှ၊ နိုင်ငံရေး အဖွဲ့အစည်း ပေါင်းစုံ ပါဝင်နိုင်မှ၊ ပွင့်လင်းထင်သာမှုရှိမှ အောင်မြင်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နာရီပိုင်း လောက်ကတော့ အိုဘားမားရဲ့ အီဂျစ် နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဖရန့် ဝဇ္ဇနာက အီဂျစ်မှာ အပြောင်းအလဲတွေကို လမ်းညွှန် ဦးဆောင်မှုတွေ လုပ်ဖို့ သမ္မတ မူဘာရက် ဆက်ရှိနေဖို့ အရေးကြီးတယ်၊ သူ့သမိုင်းကို သူရေးဖို့ အခွင့်အရေး ပေးရမယ်၊ သူဟာ အီဂျစ် နိုင်ငံရေးမှာ အနှစ် ခြောက်ဆယ် လုံးလုံး ပါဝင် ပတ်သက်ခဲ့ပြီး ခုချိန်ဟာ အီဂျစ် နိုင်ငံကို ရှေ့ဆက် ဦးဆောင်သွားနိုင်တာကို ပြဖို့ အကောင်းဆုံး အချိန်ပဲလို့ ပြောခဲ့တဲ့ အတွက် ပွင့်လင်း ထင်သာမှု ရှိဖို့ လိုတယ် ဆိုတဲ့ ဟီလာရီ ကလင်တန်ရဲ့ ပြောကြားချက်ကို ဝေဝေဝါးဝါး ဖြစ်သွား စေပါတယ်။

ဖရန့် ဝဇ္ဇနာ ပြောတာနဲ့ သောကြာနေ့က သမ္မတ အိုဘားမား ပြောတာ နှစ်ခုကို ယှဉ်နားထောင်ကြည့်လိုက်ရင် နှစ်ခုက တခြားစီပဲ သမ္မတ အိုဘားမားက မူဘာရက်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဖို့ ပန်ကြားခဲ့တယ်၊ ဒါက မူဘာရက်ကို ရာထူးက ဆင်းပေးဖို့ ပြောတာဆိုပြီး အများစုက သဘော ပေါက်ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒိအတွက် အမေရိကန် အစိုးရက အိုဘားမားရဲ့ အီဂျစ် ကိုယ်စားလှယ်နဲ့ သူတို့နဲ့က ဘာမှ မဆိုင်သလို ပုံဖမ်းနေရတယ်လို့ ဆိုပါတယ်။

သူဟာ အီဂျစ်ကို ခုသွားခဲ့တယ်၊ ဒီခရီး ပြီးသွားပြီး နောက်မှာ သူ့မှာ အီဂျစ်နဲ့ ပတ်သက်ပြီး တရားဝင် ပြောနိုင်တဲ့ အနေအထား မရှိတော့ဘူး၊ သူပြောတာ သူ့အမြင် သက်သက်သာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

တခု သတိ ပြုသင့်တာက အမေရိကန် အစိုးရက ခုချိန်ထိ မူဘာရက် ဆင်းပေးဆိုပြီး အတိအလင်း ပြတ်ပြတ်သားသား တောင်းဆိုတာမျိုး မရှိသေးဘဲ ဒါကိုက အီဂျစ်မှာ အပြောင်းအလဲ လုပ်နေတဲ့ ကာလမှာ မူဘာရက်ကို ဆက်ရှိနေစေချင်ပုံရတယ်ဆိုပြီး တချို့အတွက် ပြောစရာ ရနေပါတယ်။

နောက်တခါ အိုဘားမားပြောတာကို သေချာ ပြန်ကြည့်ရင် အပြောင်းအလဲကို ခုချက်ချင်း စရမယ်လို့ ပြောနေတာသာ ဖြစ်ပါတယ်။

ဒီတော့ အမေရိကန် အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကို ရှေ့နောက် မညီဘူးလို့တော့ ပြောဖို့ ခက်ပါလိမ့်မယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ပြောနေတာက အပြောင်းအလဲကို ချက်ချင်း စရမယ်လို့ ပြောနေတာသာ ဖြစ်ပြီး မူဘာရက် ဆင်းပေးဆိုပြီး အတိအလင်း တောင်းဆို ခဲ့တာ မဟုတ်လို့ ပါဘဲလို့ ဒီစီက သတင်းထောက် တွန်ဘားရစ်ချက မှတ်ချက် ပေးထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။