အီဂျစ် ဒုတိယသမ္မတ အိုမာ ဆူလေမန်းဟာ အတိုက်အခံ ခေါင်းဆောင် တချို့နဲ့ မကြာခင် ဆွေးနွေးမှုတွေပြုလုပ်တော့မယ်လို့ အီဂျစ်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

အစိုးရအဖွဲ့သစ်က ဒုသမ္မတအိုမာဆူလေမန်းနဲ့ အတိုက်အခံ တချို့ ဆွေးနွေးမှာဖြစ်
အီဂျစ်သမ္မတ ဟော့စနီမူဘာရက်ဟာ မကြာ သေးခင်ကမှ အခု အစိုးရသစ်ကို ပြန်ဖွဲ့ထား တာဖြစ်ပါတယ်။ အဓိက အတိုက်အခံ အဖွဲ့ ဖြစ်တဲ့ Muslim Brotherhood ကတော့ သမ္မတမူဘာရက်အနေနဲ့ ရာထူးကနေ ချက်ချင်း နှုတ်ထွက်မှသာ အစိုးရနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိပါ လိမ့်မယ်လို့ ပြောပါတယ်။
အဲဒီအဖွဲ့က ခေါင်းဆောင်တဦး ဖြစ်သူ မိုဟာမက်ဘီရှားက အီဂျစ် ပြည်သူအားလုံး အနေနဲ့ သမ္မတဆင်းပေးဖို့အတွက် ဆန္ဒပြ တောင်းဆိုနေတာဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။
အစိုးရအနေနဲ့ အချိန်ဇယားတခု သတ်မှတ်ပြီး၊ ပြုပြင်ပြောင်းလဲမှု လုပ်မယ် ဆိုတဲ့ အကြောင်းကို ရှင်းပြရမယ်လို့ Muslim Brotherhood အဖွဲ့က ပြောပါတယ်။
သောကြာနေ့မှာ ကြီးမားတဲ့ အစိုးရ ဆန္ဒပြပွဲတွေ ခေါ်ယူခဲ့ပြီးနောက်ပိုင်း ဆန္ဒပြ လူအုပ်တွေ ဟာ ကိုင်ရိုမြို့လယ်က တာဟီရာ ရင်ပြင်ကို ဆက်လက် သိမ်းပိုက်ထားဆဲပါ။
စစ်သားတွေက သွားတာလာတာကို ထိန်းချုပ်ထားပြီး၊ လူတွေကို စစ်ဆေးမှုတွေ လုပ်နေ ပေမယ့်လည်း အခြေအနေကတော့ အေးအေးဆေးဆေး ရှိပါတယ်။

ဆန္ဒပြလူအုပ်တွေကတော့ မြို့လယ်ရင်ပြင်မှာ ဆက်လက်ရှိနေကြဆဲပါ
ဘဏ်တွေကတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ကိုင်ရို စတော့စျေးကွက်ကတော့ အရင် ကြေညာထား တဲ့ အတိုင်း တနင်္လာနေ့မှာ ဖွင့်ဦးမှာ မဟုတ် သလို စတော့စျေးကွက် ဘယ်တော့ ပြန်စမယ် ဆိုတာကိုလည်း ဘာမှ မဆုံးဖြတ်ရသေးပါဘူး။
ဒီကနေ့မှာ မစ္စတာမူဘာရက်ဟာ အစိုးရ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး၊ ဆန္ဒပြမှုတွေကြောင့် တိုင်းပြည်စီးပွားရေး ဘယ်လောက် ထိခိုက် နေပြီ ဆိုတဲ့ကိစ္စတွေကို အပူတပြင်း ဆွေးနွေး နေပါတယ်။
အခုဆိုရင် အီဂျစ်ဟာ တနေ့ကို အနည်းဆုံး ဒေါ်လာ သန်း ၃၁၀ လောက် ဆုံးရှုံးနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
အခုလိုအခြေအနေမျိုးမှာ နိုင်ငံရဲ့ ဆိုင်းနိုင်းကျွန်းစွယ်မြောက်ဖက်ပိုင်းက အစ္စရေးနဲ့ နယ်ခြား ကပ်နေတဲ့ နေရာမှာလည်း ဓါတ်ငွေ့ ပိုက်လိုင်းတခု ပေါက်ကွဲခဲ့ပြီးနောက် အီဂျစ်ကနေ အစ္စရေး၊ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့အတွက် သဘာဝဓါတ်ငွေ့ တင်ပို့နေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

သွေးထွက်သံယို မဖြစ်ပဲ အပြောင်းအလဲဖြစ်ဖို့ မစ္စတာ ဘာရာဒိုင်းပြောကြား
အီဂျစ်ကို ပြန်ရောက်နေတဲ့ အရင်နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲဟောင်း အီဂျစ်အတိုက်အခံ နိုင်ငံရေးသမား မိုဟာမတ် အဲလ်ဘာရာဒိုင်းကတော့ သူဟာ စစ်တပ် အကြီး အကဲတွေနဲ့ မကြာခင်တွေ့ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
နိုင်ငံမှာ သွေးထွက်သံယိုမှုတွေ မဖြစ်ပေါ်ပဲ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲသွားအောင် လုပ်ကြဖို့ သူကပြောပါတယ်။
အစိုးရအနေနဲ့ တကယ့်အပြောင်းအလဲကိုသွားတဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးဆိုရင် အီဂျစ်အရေးဟာ ပြေလည်မယ့်ပုံတော့ မရှိသေးပါဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

