နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2011 - 01:30 GMT

ချက်ခြင်း ရာထူးက ဆင်းချင်ပေမယ့် မတည်မငြိမ် ဖြစ်မှာ မူဘာရက် စိုးရိမ်

အေဘီစီ သတင်းဌာနကို အင်တာဗျူး ပေးနေတဲ့ မူဘာရက်

အီဂျစ်နိုင်ငံမှာ သမ္မတ မူဘာရက်က သူ့အနေနဲ့ အခုချက်ခြင်း ရာထူးက နှုတ်ထွက်ချင်ပါတယ် ဒါပေမယ့် သူအဲဒီလို နှုတ်ထွက်လိုက်ရင် ဆူပူအုံကြွမှုတွေ ဖြစ်မှာ စိုးရိမ်တယ်လို့ အမေရိကန် အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ အစိုးရ ဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ တပတ်ကျော် ကတည်းက သမ္မတ မူဘာရက် အနေနဲ့ သတင်းမီဒီယာကို ပထမဆုံး အင်တာဗျူး ပေးခဲ့တာ ဖြစ်ပါတယ်။

အမှုထမ်း အဖြစ် ၆၂နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ သူ့အနေနဲ့ သမ္မတ တာဝန် ယူရနေရတဲ့အပေါ် စိတ်ပျက်နေမိပေမယ့် အခုသမ္မတ သက်တမ်းမကုန်ခင် သူရာထူးက ဆင်းပေးရင် တားမြစ်ခံထားရတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ မွတ်ဆလင် သွေးရင်းညီအကိုများ အဖွဲ့က အာဏာ ရသွား ပါလိမ့်မယ်လို့ ဆိုပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ သူဝင်မပြိုင်တော့ပါဘူးလို့ မစ္စတာ မူဘာရက် က ထပ်မံပြောကြားခဲ့ပြီး သူ့သား ဂမား မူဘာရက်လည်း သူ့အရိုက်အရာကို ခံယူမှာ မဟုတ်ပါဘူးလို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက သူ့ကို ရာထူးက ချက်ခြင်း ဆင်းပေးဖို့ မပြောပါဘူးလို့လည်း သမ္မတ မူဘာရက် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

မနေ့ည မှောင်လာတဲ့ အချိန်မှာ သောင်းနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသမား တွေဟာ ကိုင်ရိုမြို့လယ်မှာ ဆက်လက် ဆန္ဒပြနေပြီး တချို့ကတော့ သူတို့ကို တိုက်ခိုက်လာတဲ့ အစိုးရထောက်ခံရေး သမားတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ပွားနေပါတယ်။

တဖက်နဲ့ တဖက် ရန်ဆောင်နေကြတာကြောင့် နောက်ပိုင်းမှာ စစ်သားတွေက လူစု ခွဲထားပေးပါတယ်။

အစောပိုင်းတုန်း ကတော့ မနေ့က ကိုင်ရိုမြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့တဲ့ အတွက် ဝန်ကြီးချုပ် အာမက် ရှဖစ်ဒ်က တောင်းပန်ခဲ့ပြီး ဒါတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါဟာ အုပ်ချုပ်သူ အဖွဲ့အတွင်းမှာ သဘောထား ကွဲပြားမှုရှိနေတယ် ဆိုတာကို ပြနေလို့ ဘီဘီစီ အာရပ်ဒေသ ဆိုင်ရာ သုံးသပ်ရေးသမား တယောက် ပြောပါတယ်။

အစိုးရ ဘက်တော်သား ထိပ်တန်း နိုင်ငံရေးသမား ခေါင်းဆောင် လေးယောက် ကို ခရီးသွားလာခွင့် ကန့်သတ်ချက် အမိန့် ထုတ်ပြန်ထားတယ်လို့ လည်း သိရပါတယ်။

ဆူပူမှုဖြစ်ပွားနေတဲ့ အီဂျစ်နိုင်ငံမှာ သတင်းရယူဖို့ လှုပ်ရှားနေကြတဲ့ သတင်းထောက်တွေကို ဆန့်ကျင်ခြိမ်းခြောက်မှု ပြုနေတာဟာ လက်ခံနိုင်စရာ ကို မရှိဘူးလို့ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အီတလီနဲ့ စပိန်နိုင်ငံ အစိုးရတွေက ရှုတ်ချခဲ့ပါတယ်။

အီဂျစ်မှာ နိုင်ငံခြား သတင်းထောက် အတော်များများဟာ ဖမ်းဆီး ၊ ရိုက်နှက် ဒါမှမဟုတ် သတင်းထောက်တွေရဲ့ စက်ကိရိယာ ပစ္စည်းတွေကို သိမ်းတာခံနေ ရပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီး ရှုတ်ချလိုက်ပါတယ်။

ဒါ့အပြင် စနစ်တကျ အာဏာလွှဲပေးဖို့ အမြန်ဆုံးညှိနှိုင်းမှုတွေ လုပ်ဆောင်ပါလို့ ပန်ကြားထားပါတယ်။

မျက်မြင် သက်သေတွေရဲ့ အပြောအရ ကိုင်ရိုမြို့မှာ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း ဖမ်းဆီး ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။