
သမ္မတ ချက်ချင်းနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြ
အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့လယ်က တာဟာရီယာ ရင်ပြင်မှာ သိန်းချီတဲ့ လူအုပ်ကြီး နောက်ထပ် စုဝေးနေပြီး သမ္မတ မူဘာရက် ရာထူးက ဆင်းဖို့ ကြွေးကြော်တောင်းဆိုနေကြပါတယ်။
ဆန္ဒပြသူတွေဟာ အလံတွေ ဝှေ့ရမ်းပြီး ကြွေးကြော်သံတွေ အော်ဆိုကြ၊ ခေါင်းဆောင်တွေ မိန့်ခွန်းပြောတာတွေကို နားထောင်နေကြပါတယ်။
ရင်ပြင်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Musab Elshamy က ''ဒီနေ့တော့ ကျွန်တော်တို့တောင်းဆိုတာတွေ ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။ အခုဆို အနယ်နယ်အရပ်ရပ်က ရောက်လာသူတွေလည်း ရင်ပြင်ထဲမှာ စုမိနေကြပါပြီ၊ ထပ်လဲ ရောက်လာနေကြပါတယ်'' လို့ ပြောသွားပါတယ်။
လုံခြုံရေးတွေ အပြည့်ယူထား

ကိုင်ရို မြို့လယ်က ရင်ပြင်
စစ်သားတွေကလည်း အလုံးအရင်းနဲ့ လမ်းတွေပေါ်မှာ နေရာယူထားကြပြီး တာဟာရီယာရင်ပြင်ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်။
သံချပ်ကာ ကားတွေလည်း နေရာယူထားတာ တွေ့ရပါတယ်။
စစ်သားတွေဟာ ဆန္ဒပြသူတွေကို ကူညီပြီး ရင်ပြင် အဝင်ပေါက်တွေကို စောင့်ကြည့်ပေးနေကြပါတယ်။
အာရပ်အဖွဲ့ချုပ် အတွင်းရေးမှုး Amr Moussa လည်း ဆန္ဒပြပွဲတွေမှာ ပါလာခဲ့တာ တွေ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
သမ္မတ မူဘာရက်ကတော့ သူ အခု ဆင်းပေးရင် အီဂျစ်မှာ ရှုတ်ထွေးမှုတွေ ဖြစ်ကုန်မယ်လို့ မနေ့က ပြောထားပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးနေ
ဒီအချိန်မှာ အမေရိကန်အရာရှိတွေကတော့ မစ္စတာ မူဘာရက် စနစ်တကျ အာဏာလွှဲပြောင်းပေးနိုင်ဖို့ အတွက် အီဂျစ်က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
နည်းလမ်းတခုကတော့ မစ္စတာ မူဘာရက် ချက်ခြင်း နှုတ်ထွက်ပေးပြီး နိုင်ငံတော်အာဏာကို အဖွဲ့ဝင် သုံးဦးနဲ့ ဖွဲ့စည်းမယ့် အခြေခံဥပဒေကောင်စီကို လွှဲပေးဖို့ ဖြစ်ပါတယ် ။
အမေရိကန်အရာရှိတွေဖက်ကတော့ အဲဒီအချက်ကို ဆွေးနွေးနေတယ်ဆိုတာကို မငြင်းပါဘူး၊ ဒါပေမယ့် ဘယ်လို ဆုံးဖြတ်ချက်ကို မဆို အီဂျစ်ပြည်သူတွေကပဲ လုပ်ရမှာ ဖြစ်တယ်လို့ အလေးအနက် ပြောပါတယ်။
အီဂျစ် အာဏာရ National Democratic Party ရဲ့ အတွင်းရေးမှုး အီဘရာဟင် ကမဲလ်ကတော့ အနောက်နိုင်ငံက မဟာမိတ်တွေဟာ သမ္မတမူဘာရက်နဲ့ သူ့နိုင်ငံကို သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

