
လုပ်ကြံခံရတဲ့ ပန်ဂျပ် ပြည်နယ်မှူး Salman Taseer
ပါကစ္စတန်နိုင်ငံမှာ အလယ်အလတ်ကျတဲ့ နိုင်ငံရေးသမားအဖြစ် လူသိများတဲ့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး Salmaan Taseer လုပ်ကြံခံရတာဟာ တိုင်းပြည်တွင်း ညီညွတ်မှု မရှိဘူး ဆိုတာပြနေတယ်လို့ လန်ဒန်မြို့က ပါကစ္စတန်နိုင်ငံဆိုင်ရာ အဆင့်မြင့် သံအရာရှိ Wajid Shamshul Hassan က ပြောကြားလိုက်ပါတယ်။
ဘာသာရေး အယူသီးသူ လူနည်းစုက နိုင်ငံရေး သမားတွေကို ဓါးစားခံအဖြစ် အသုံးချ နေတယ်ဆိုတာ ပြနေပြီး ဒါတွေကို ဖယ်ရှားပစ်ရမယ်လို့ မစ္စတာ ဟတ်ဆန်က ဆိုပါတယ်။
တနင်္လာနေ့တုန်းက အစ္စလမာဘတ်မြို့ လူစည်ကားတဲ့ စျေးအလယ်မှာ မစ္စတာ တက်ဆာရဲ့ ကိုယ်စောင့်တွေထဲက တယောက်က သူ့ကို သေနတ်နဲ့ ပစ်သတ်လိုက်တာ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ကျည်ဆံရာတွေ ပြည့်နှက် နေတယ်လို့ သိရပါတယ်။
တိုင်းပြည်ရဲ့ ဘာသာရေးဆိုင်ရာ ထုံးတမ်းဥပဒေတွေကို မစ္စတာ Taseer တက်ဆာက ဆန့်ကျင်တဲ့အတွက် ပစ်သတ်လိုက်တာလို့ အဲဒီကိုယ်ရံတော် က ဝန်ခံခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ရိုင်မန်မာလစ်က ပြောပါတယ်။
မကြာသေးခင်က ဘာသာရေး ဆိုင်ရာ မြင့်မြတ်တဲ့ အရာတွေကို ရုန့်ရင်း ကြမ်းတမ်းစွာ စော်ကား ပြောဆိုမှုနဲ့ သေဒဏ် ပေးခံရတဲ့ ခရစ်ယာန် အမျိုးသမီး တယောက်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မစ္စတာ တက်ဆာက တောင်းဆိုခဲ့တဲ့ အပေါ် အစ္စလာမ် ဝါဒီတွေက ဒေါသ ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

