နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2010 - 01:07 GMT

Julian Assange ဗြိတိသျှ ရဲနဲ့ စကားပြောဖို့ ပြင်နေပြီ

ဗြိတိန်မှာ ပုန်းရှောင်နေတဲ့ Julian Assange

သံတမန်ဆိုင်ရာ လျှို့ဝှက်စာတွေ ဖွင့်ချမှုနဲ့ အမေရိကန်နဲ့ တခြား အစိုးရတွေက ဒေါ်သဖြစ်နေတဲ့ Wikileaks ဝက်ဘ်ဆိုက် တည်ထောင်သူ Julian Assange ကို အာဏာပိုင်တွေက ဥပဒေကြောင်းအရ တိုးပြီး ဖိအားပေးနေပါပြီ။

သက်ဆိုင်ရာ အရာရှိတွေက သတင်း ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ဥပဒေကြောင်းအရ ဆက်နွယ်မှုတွေ ရှာဖွေနေပြီလို့ အမေရိကန် ရှေ့နေချုပ် Eric Holder က ရှင်းလင်း ပြောကြားလိုက် ပါတယ်။

ဆွဇ်ဇာလန်မှာ မစ္စတာ အက်ဆန်းဂျ်ရဲ့ ဘဏ်စာရင်းကို ထုတ်ခွင့်မပေးဘဲ ပိတ်ထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အပြစ်ကျူးလွန်မှုနဲ့ သူ့ကို ဖမ်းဆီးဖို့ ဝရမ်းတခုကို ဗြိတိသျှအာဏာပိုင်တွေက လက်ခံရရှိထားပါတယ်။

သူဟာ ဗြိတိန်မှာ ခိုအောင်းနေတာဖြစ်ပြီး သူကို စွတ်စွဲထားတဲ့ လိင်ပိုင်ဆိုင်ရာ ပြစ်မှုနဲ့ ပတ်သက်လို့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်းအရ မစ္စတာ အက်ဆန်းဂျ်ဟာ ဗြိတိသျှ ရဲတွေနဲ့ တွေ့ဆုံဖို့ သူ့ဆန္ဒအလျှောက် စီစဉ်ခဲ့တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

သူ့မွေးရပ် ဖြစ်တဲ့ သြစတြေးလျ နိုင်ငံကတော့ သူပြန်လာရင် ဖမ်းမယ်လို့ ဆိုပါတယ်။

ဝီကီလိခ်စ်ရဲ့ နောက်ဆုံးဖော်ပြချက်အရ ရုရှားက ကျူးကျော်မှုပြု လာရင် ဘောလ်တစ် ဒေသက တိုင်းပြည်တွေကို ကာကွယ် ပေးမယ့် အစီအစဉ်တွေကို နေတိုးအဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် ဇန္နဝါရီလမှာ အမေရိကန် နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် လက်မှတ်ထိုးထားတဲ့ အဲဒီစာမှာ ပိုလန် ၊ အက်စတိုးနီးယား ၊ လပ်ဗီးယားနဲ့ လစ်သူယေးနီးယား တို့ကို ကာကွယ်ဖို့ အရန် ကာကွယ်ရေး အစီအစဉ်တွေ တိုးချဲ့ဆောင်ရွက်ဖို့ နေတိုးအဖွဲ့က သဘောတူခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။