နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2010 - 17:00 GMT

နိုဘယ်ဆုပေးပွဲ မတက်မည့် နိုင်ငံတွေရှိ

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သောကြာနေ့မှာ ကျင်းပမယ့် နိုဘယ် ငြိမ်းချမ်းရေး ဆုပေးပွဲမှာ အကျဉ်းကျခံ တရုတ်လူ့အခွင့် အရေးသမား လူရှောက်ဘို ဒီနှစ် ဆုရတာကို တရုတ်အစိုးရက ကန့်ကွက်တာကြောင့် ဆုပေးပွဲ တက်မယ့်၊ မတက်မယ့် နိုင်ငံစာရင်းက နိုင်ငံတကာလူ့အခွင့်အရေး နယ်ပယ်မှာ စိတ်ဝင်စားစရာ၊ စောင့်ကြည့် ပြောဆိုစရာ ဖြစ်နေပါတယ်။

Liu Shao Bao

နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူရှောင်ဘို

ဒီနှစ် ဆုရတဲ့ လူရှောက်ဘိုဟာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် တရုတ်အစိုးရက ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေး ခံထားရသူ ဖြစ်ပါတယ်။ ဒီဆုပေးပွဲကိုတော့ သူရော သူ့မိသားစုပါ တက်ရောက်ခွင့် မရကြပါဘူး။

တရုတ်အစိုးရက ဒီဆုပေးပွဲကို ကန့်ကွက်ခဲ့သလို ဒီဆုပေးပွဲကို တခြားနိုင်ငံတွေ မတက်ကြဖို့ အပြင်းအထန် ပြောဆိုစည်းရုံးမှုတွေရှိခဲ့ပြီး အခုတော့ တရုတ်အပါအဝင် နိုင်ငံ ၁၉ နိုင်ငံက ဒီဆုပေးပွဲကို မတက်ဘူးလို့ ပြောပါတယ်။ အဲဒီထဲမှာ ရုရှား၊ ကာဇက်စတန်၊ ကိုလံဘီယာ၊ ဆော်ဒီအာရေးဘီးယား၊ ပါကစ္စတန် နဲ့ အီရန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒါပေမယ့်လည်း ဆုပေးပွဲကို တက်ရောက်မယ့် နိုင်ငံတွေကလည်း လောလောဆယ် ၄၄ နိုင်ငံ ရှိတယ်လို့ ပွဲစီစဉ်တဲ့သူတွေက ဆိုပါတယ်။

အစဉ်အလာ အားဖြင့်တော့ နော်ဝေးနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံအားလုံးကို ဖိတ်ကြားလေ့ရှိပါတယ်။

မစ္စတာ လူရှောက်ဘိုကို နိုင်ငံတကာမှာ ထောက်ခံမှုတွေ ရှိကြပေမယ့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ သူဟာ ရာဇဝတ်သားတစ်ယောက်ပဲ ဖြစ်တယ်၊ နိုဘယ် ဆုပေးရေး ကော်မတီဟာ တရုတ်ဆန့်ကျင်ရေးလုပ်ရပ်တစ်ခုအဖြစ် ဖန်တီးတာ လို့ စွပ်စွဲပြောဆိုပါတယ်။

တရုတ်အစိုးရပြောတဲ့ စကားလုံးအတိုင်း ဆိုရင်တော့ နိုဘယ်ကော်မတီက လူရွှင်တော်တချို့ရဲ့ ကြားဝင် လုပ်ဆောင်မှုကြောင့်တော့ တရုတ်ရဲ့ ရပ်တည်ချက်က ပြောင်းမသွားဘူး၊ တခြားနိုင်ငံတွေကလည်း တရုတ်ကို ထောက်ခံတယ်လို့ ပြောပါတယ်။

အခုလို တရုတ်ကနေ ဆုပေးပွဲ မတက်ဖို့ ပြောဆိုတာတွေ ရှိနေတဲ့အတွက် တကယ်ဆုပေးပွဲ ကျင်းပတဲ့ သောကြာနေ့မှာ နောက်ဆုံး ဘယ်သူတွေ ဆုပေးပွဲ တက်ကြမယ်၊ ဘယ်သူတွေ မတက်ဘူး ဆိုတာက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံရေးလောကမှာ အထူး စောင့်ကြည့်စရာ ကိစ္စရပ်တစ်ခု ဖြစ်နေသလို နိုင်ငံတကာအပေါ် တရုတ်ရဲ့သြဇာ ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း အကဲဖြတ်နိုင်စရာ အနေအထား ဖြစ်နေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။