နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2010 - 16:56 GMT

ကိုးရီးယားအရေး တရုတ်နဲ့ အမေရိကန် စိုးရိမ်

korea

တောင်ကိုးရီးယားဖက်မှာ စစ်သားတွေ အသင့်ရှိနေ

ကိုးရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို အသေအချာ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ဘူးဆိုရင် အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်တယ် လို့ တရုတ်သမ္မတ ဟူဂျင်တောင်း က အမေရိကန် သမ္မတ အိုဘားမား ကို ပြောကြားလိုက်ပါတယ်။

မြောက်ကိုးရီးယားရဲ့ ရန်စ တိုက်ခိုက်မှုတွေဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတဲ့ အကြောင်း တရုတ်အစိုးရအနေနဲ့ မြောက်ကိုးရီးယား အစိုးရကို ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ သူတို့ နှစ်ဦး တယ်လီဖုန်းနဲ့ စကားပြောစဉ်မှာ သမ္မတ အိုဘားမား ကလည်း ပြန်ပြောခဲ့ပါတယ်။

အခုလို တရုတ်သမ္မတက အမေရိကန် သမ္မတဆီ ဖုန်းဆက်ပြီး မြောက်ကိုးရီးယားအရေးကို ဘယ်လောက် စိုးရိမ်သလဲ ပြောခဲ့တာကို ကြည့်ရင် ဒီတင်းမာမှု တွေ ပိုဆိုးသွားမှာကို နှစ်ဖက်စလုံးက အလေးအနက် စိုးရိမ်နေတယ်ဆိုတာသိသာနေပါတယ်။

ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ ပြောစကားတွေကို ကြည့်ရင်တော့ ကိုးရီးယားအရေးအပေါ် သဘာထားတွေ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်က ပြောပေမယ့် မြောက်ကိုးရီးယားကိုတော့ အပြစ်တင် ပြောဆိုတာမျိုး မတွေ့ရပါဘူး။

အမေရိကန်ဖက်ကတော့ တရုတ်အနေနဲ့ မြောက်ကိုးရီးယားကို ထိန်းစေချင်တယ်၊ ဖိအားပေးစေချင်နေတာမို့ တရုတ်ရဲ့ ရပ်တည်ချက်အပေါ်မှာ အမေရိကန် အစိုးရပိုင်းက သိပ်မကြေလည်ပါဘူး။

ဒါပေမဲ့ တကယ်တန်းမှာရော တရုတ်က မြောက်ကိုရီးယား ခေါင်းဆောင်တွေ အပေါ် ဘယ်လောက် သြဇာညောင်းသလဲဆိုတာကလည်း မေးခွန်း ထုတ်စရာ ဖြစ်လာနေပါတယ်၊

တခါ ဒီကနေ့မှာပဲ တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဝါရှင်တန်မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ တရုတ် မပါတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

တရုတ်ကတော့ ကိုးရီးယားကျွန်းဆွယ် တင်းမာမှုတွေနဲ့ ပတ်သက်လို့ ၆နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းနေပါတယ်။

ကျန်တဲ့ နိုင်ငံတွေကတော့ တရုတ်ရဲ့ တိုက်တွန်းချက်ကို သတိနဲ့ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။