နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2010 - 16:04 GMT

Ivory Coast အရေး ဖြေရှင်းဖို့ Mbeki ကြိုးပမ်း

Ivory Coast

မစ္စတာ Ouattara ကိုထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေ အဘီဂျန်မြို့မှာ ဖြစ်ပွားခဲ့

Ivory Coast နိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရတယ်လို့ အငြင်းပွားနေကြတဲ့ ပြိုင်ဖက် သမ္မတလောင်း နှစ်ဦးအကြား ညှိနှိုင်း ပေးဖို့အတွက် တောင်အာဖရိက သမ္မတဟောင်း Thabo Mbeki ဟာ Ivory Coast နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Laurent Gbagbo ကရော၊ ပြိုင်ဖက် Alassane Ouattara ကပါ သူနိုင်တယ်၊ ကိုယ်နိုင်တယ် ဆိုပြီး အငြင်းပွားနေကြတာပါ။

ရွေးကောက်ပွဲမှာ မစ္စတာ Ouattara အနိုင်ရတယ် ဆိုပြီး ကြာသပတေးနေ့ တုန်းက ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖေါ် ကြေညာခဲ့ပေမဲ့ သောကြာနေ့မှာတော့ သမ္မတ Gbagbo ရဲ့ အနီးကပ် မိတ်ဆွေ တဦး ဦးဆောင်တဲ့ ဥပဒေပြုရေး ကောင်စီက ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ထောက်ခံ အားပေးမှု ရနေတဲ့ သမ္မတ Gbagbo က သောကြာနေ့ နေ့လည်က သမ္မတ ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ နာရီပိုင်း အကြာမှာပဲ ပြိုင်ဖက် သမ္မတလောင်း Ouattara ကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ခြံရံ စောင့်ရှောက်ထားတဲ့ အဘီဂျန်မြို့ ဟိုတယ်တခုမှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အမေရိကန်၊ ကုလသမဂ္ဂ၊ ပြင်သစ်နဲ့ IMF တို့လို နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ကမ္ဘာ့ နိုင်ငံ အတော်များများက မစ္စတာ Ouattara ကို ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ထောက်ခံခဲ့ကြ ပါတယ်။

အခု ဖြစ်နေတဲ့ ပြဿနာကနေ တွက်ချက်လို့ မရနိုင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင် တယ်လို့ အာဖရိကသမဂ္ဂ အဖွဲ့ကြီးက သတိပေးခဲ့ပြီး မစ္စတာ Mbeki ကို အခုလို စေလွှတ် လိုက်တာပါ။

အဘီဂျန်မြို့မှာ အခု သီတင်းပတ်အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း အနည်းဆုံး လူ၄ဦး သေဆုံးခဲ့ပါတယ်။

Ivory Coast နိုင်ငံမှာ အခုအခါ နယ်စပ် ဒေသတွေကို ပိတ်ထားလိုက်သလို နိုင်ငံတကာ သတင်းတွေ နိုင်ငံထဲမှာ လွှင့်ခွင့်လည်း ပိတ်ထားလိုက်ပါတယ်။

ညမထွက်ရ အမိန့်ကိုလည်း ဆက်လက် ပြဌာန်းထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။