
လက်ရှိ သမ္မတ ကျမ်းသစ္စာ ကျိန်ဆို
အိုင်ဗရီကို့စနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်း နှစ်ယောက် စလုံးက မနေ့က နာရီပိုင်းပဲ ခြားပြီး သမ္မတအဖြစ် အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့အတွက် နိုင်ငံရေး တင်းမာမှု အရှိန်မြင့်လာပါတယ်။
သူ့ကိုယ်သူ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ကြေငြာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး နိုင်ငံတော် အကြီးအကဲ လုပ်ခဲ့တဲ့ လက်ရှိသမ္မတ လောရင့်ဂဘက်ဘိုက အရင်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နာရီပိုင်းအတွင်းမှာ ပြိုင်ဘက် အလက်ဆန် ဝါတားရားက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
လောရင့် ဂဘက်ဘို ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေငြာချက်ကို ပြိုင်ဘက် သမ္မတလောင်းအပြင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကုလသမဂ္ဂကပါ ငြင်းနေပါတယ်။
ကုလသမဂ္ဂရဲ့ မဲရေတွက်မှုနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေငြာချက် အရ ပြိုင်ဘက် မစ္စတာ ဝါတားရားက မဲ ၅၄ ရာခိုင်နှုံးနဲ့ နိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံဆိုင်ရာ ကောင်စီက မစ္စတာ ဝါတားရားကို ထောက်ခံတဲ့ မြောက်ပိုင်းက သိန်းနဲ့ချီတဲ့မဲတွေကို ပယ်မဲ အဖြစ် ကြေငြာပြီး မစ္စတာ ဂဘက်ဘို အနိုင်ရတယ်လို့ ကြေငြာခဲ့တာပါ။
လက်ရှိသမ္မတဂဘက်ကိုကတော့ သူ့အခေါ် ပြည်ပက စွက်ဖက် နှောက်ယှက်မှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။
အိုင်ဗရီကို့စနိုင်ငံမှာ ဆယ်စုနှစ်တခုကြာ အကျပ်အတည်းကို ဖြေရှင်းဖို့ သမ္မတရွေးကောက်ပွဲ ခေါ်ခဲ့တာ ဖြစ်ပေမဲ့ ခုတော့ နောက်ထပ် အကျပ်အတည်းတခု ထပ်ဆိုက်မဲ့ အနေအထားကို ရောက်နေပါတယ်။
နိုင်ငံတကာ စာမျက်နှာမှာတော့ လက်ရှိ သမ္မတကို ဘေးဖယ်ပေးဖို့ ဖိအားပေးမှုတွေ ရှိနေပါတယ်။
အာဖရိက သမဂ္ဂက ရွေးကောက်ပွဲ ရလာဒ်ကို ပျက်ပြယ်အောင် လုပ်တဲ့သူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ ပြောနေပါတယ်။
အိုင်ဗရီကို့စက အခြေအနေကို ဆွေးနွေးဖို့ အာဖရိက သမဂ္ဂက ခုရက်ပိုင်း အတွင်းမှာ အစည်းအဝေးခေါ်မယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလည်း လက်ရှိ သမ္မတကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။

