နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2010 - 01:39 GMT

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး

နေတိုးအဖွဲ့ ပါကစ္စတန်မှာ တိုက်ခိုက်ခဲ့ပုံ

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပါကစ္စတန် နိုင်ငံထဲမှာ နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ် ရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်သားနှစ်ယောက် သေဆုံးခဲ့ရမှု အတွက် အမေရိကန်က တောင်းပန်ခဲ့ပါတယ်။

အမေရိကန် ရဟတ်ယာဉ်တွေက ပါကစ္စတန်စစ်သားတွေကို သူပုန်အထင်နဲ့ ပစ်မိတာ ဖြစ်ကြောင်း ပါကစ္စတန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Anne Patterson ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါကစ္စတန် နယ်ခြားစောင့် တပ်တွေဟာ နေတိုး ရဟတ်ယာဉ်တွေ ဖြတ်သွားပြီးတဲ့နောက် သတိပေး သေနတ်ဖောက်သံတွေ ကြားရလိမ့်မယ်လို့ သူယူဆကြောင်း ထိပ်တန်း အမေရိကန် စစ်တပ်အကြီးအကဲက ဆိုပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပါကစ္စတန်က အဲဒီနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ပါတယ်။

အဲဒီဂိတ်ဟာ နေတိုးအဖွဲ့တွေ အာဖဂန်နစ္စတန်ထဲကို ရိက္ခာပို့တဲ့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ပါတယ်။

အခုလို တောင်းပန်လိုက်တာကြောင့် ပါကစ္စတန်တွေ အနေနဲ့ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်နေကြောင်း ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တချိန်တည်းမှာဘဲ အာဖဂန်နစ္စတန် နယ်စပ်နားက ပါကစ္စတန်ဘက် အခြမ်းမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ပါကစ္စတန်က တိုက်ခိုက်နိုင်စွမ်းရှိရဲ့လား ၊ ချေမှုန်းလိုစိတ် ရှိရဲ့လားဆိုပြီး အမေရိကန် အိမ်ဖြူတော်က အကြီးအကျယ် စိုးရိမ်နေပါတယ်။

ပါကစ္စတန် စစ်တပ်က သူပုန်တွေကိုနှိမ်နင်းဖို့ တုန့်ဆိုင်း နေတာဟာ လိုအပ်တဲ့ အရင်းအမြစ်ရဖို့ နိုင်ငံရေး ကစားကွက် တခုလို ဖြစ်နေတယ်လို့ အာဖဂန် နစ္စတန် စစ်ပွဲနဲ့ ပတ်သက်လို့ တနှစ်နှစ်ကြိမ် ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန် စစ်တပ်ဟာ အကြမ်းဖက် သမားတွေကို ခြောက်လှန့်ရုံ ၊ နေရာရွေ့ပြောင်းအောင် လောက်သာ စွမ်းဆောင်နိုင်ပြီး ဒေသတွင်းမှာ တည်ငြိမ်မှုရအောင် ဖန်တီး မပေးနိုင်သလို ၊ ဖန်တီး ပေးချင်စိတ် မရှိဘူးလို့ သုံးသပ်ချက်မှာ ရေးသားထားပါတယ်။

ပါကစ္စတန် သမ္မတ Asif Ali Zardari ကိုလည်း ဝေဖန်ထားပြီး အရပ်သား အစိုးရအပေါ် လူတွေက အယုံအကြည် သိသိသာသာ ကျဆင်း လာတယ်လို့ အစီရင်ခံစာမှာ သတိပေး ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။