အာဖရိကနိုင်ငံတွေက အစိုးရတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ နှစ်ပတ်လည် ညွှန်းကိန်းတွေအရ အာဖရိက နိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတယ်လို့ ဆိုထားပေမယ့် ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဒီမိုကရက်တစ် စံနှုန်းတွေကတော့ ပြောင်းပြန်ဖြစ်ပြီး ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ခမ်းနားစွာ ကျင်းပခဲ့
ဆူဒန်နိုင်ငံသား သန်းကြွယ်သူဌေး Mo Ibrahim ရဲ့ အထောက်အပံ့နဲ့ ပြုလုပ်တဲ့ ဒီညွှန်းကိန်းတွေ အရတော့ အာဖရိက နိုင်ငံတွေ အများစုရဲ့ စီးပွားရေးတိုးတက်နှုန်းဟာ လက်ရှိ ဥရောပနိုင်ငံတွေရဲ့ တိုးတက်မှုနှုန်းထက် လေးဆလောက် တိုးတက်နေတယ်လို့ ဆိုပါတယ်။
အာဖရိက ၄၁ နိုင်ငံမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ခဲ့တယ်လို့ သိရပေမယ့် အာဖရိကနိုင်ငံအားလုံးရဲ့ သုံးပုံနှစ်ပုံမှာတော့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ညွှန်းကိန်းတွေအရ သိရပါတယ်။
အာဖရိက ဖွံ့ဖြိုးတိုးတက်လာတဲ့ ဥပမာတွေထဲမှာ ထင်ရှားတယ်လို့ ဆောင်နိုင်တဲ့ အရာတစ်ခုကတော့ ယခုနှစ်အတွင်းမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိက နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာကို ကြည့်မြင်နိုင်ပါတယ်။

