
တိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရသူတွေ
အီရတ်နိုင်ငံမှာ အမေရိကန်တပ်တွေရဲ့ တိုက်ခိုက်ဆင်နွှဲမှုတွေ အဆုံးသတ်ပြီလို့ ကြေညာပြီး တပတ်တောင် မကြာခင် ဘဂ္ဂဒက်မြို့က စစ်စခန်းတခုကို အသေခံ ဗုံးခွဲ သမားတွေ ဝင်ရောက် စီးနင်းခဲ့တဲ့ အတွက် အီရတ်တပ်တွေကို ကူညီခဲ့ရတယ်လို့ အမေရိကန် စစ်တပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒီစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အသေခံ ဗုံးခွဲသမား နှစ်ယောက် စစ်စခန်းထဲ ဝင်ရောက်လာတဲ့ အခါ အီရတ်တပ်တွေကို အမေရိကန် စစ်သားတွေက ကာကွယ်ပစ်ခတ် ပေးခဲ့ရတယ်လို့ အမေရိကန် စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
နောက်ဆုံးမှာတော့ အီရတ်တပ်သားတွေက စစ်သွေးကြွတွေကို ပစ်သတ် နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အီရတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အခုကိစ္စမှာ ဘယ်သူ့အကူအညီမှ မပါဘဲ စစ်သွေးကြွတွေကို အီရတ် စစ်သားတွေက တိုက်ခိုက် ချေမှုန်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

