
ရုရှားတောမီးနဲ့ မိုးခေါင်မှုကြောင့် ဂျုံအထွက်နည်း
ကမ္ဘာ တဝှမ်း စားနပ်ရိက္ခာ စျေးနှုန်းတွေ လတ်တလော ထိုးတက်လာနေတဲ့ကိစ္စကို ဆွေးနွေးဖို့ ကုလသမဂ္ဂက အထူး အစည်းအဝေး တရပ် ခေါ်ယူ ကျင်းပမှာ ဖြစ်ပါတယ်။
စားနပ်ရိက္ခာ စျေးနှုန်းတွေ ထိုးတက်လာနေတာ အပေါ် စိုးရိမ်မိကြောင်း အဖွဲ့ဝင် နိုင်ငံတွေက ထုတ်ဖေါ် ပြောခဲ့တာကို တုန့်ပြန်တဲ့ အနေနဲ့ အခုလို အထူး အစည်းအဝေး ကျင်းပမှာ ဖြစ်တယ်လို့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ကြီးက ပြောပါတယ်။
အဓိကကတော့ ရုရှားနိုင်ငံမှာ မိုးခေါင်ရေရှားမှုနဲ့ တောမီးလောင်မှုတွေကြောင့် ဂျုံခင်း ၅ပုံ တပုံလောက် ပျက်စီးခဲ့အပြီး ရုရှား အစိုးရက ပြည်ပကို ဂျုံတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၂လအတွင်း စားနပ်ရိက္ခာ စျေးတွေ ၅ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တာပါ။
ဒါပေမဲ့ ၂၀၀၈ခုနှစ်လောက်က တက်ခဲ့တဲ့ အမြင့်ဆုံးစျေးတွေ ထိတော့ မတက်သေးပါဘူး။
FAO အဖွဲ့ရဲ့ ခန့်မှန်းချက်အရတော့ ဂျုံ အထွက်နှုန်းက ဒီနှစ်ကုန် အထိ ဆက်ကျဆင်း နေဦးမယ်လို့ ဆိုပါတယ်။
သတင်းကောင်း တခုကတော့ ဂျုံတွေ အထွက်ကျနေပေမယ့် တခြား ကောက်ပဲ သီးနှံတွေကတော့ လုံလုံလောက်လောက် ဆက်ရှိနေဦးမယ်လို့ မှန်းပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုကြောင့် ဆန်စိုက်ခင်းတွေ အများကြီး ပျက်စီးခဲ့ရပေမယ့် ကမ္ဘာ့ စားသုံးမှုအတွက် ဆန်ကတော့ လုံလုံလောက်လောက် ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ စားနပ်ရိက္ခာ စျေးတွေ ထိုးတက်နေတာကြောင့် မိုဇမ်ဘိခ် နိုင်ငံမှာ ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ သလို နိုင်ငံ အတော်များများမှာလည်း လူထုအကြား မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။

