
ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်နေတယ်လို့ မစ္စတာ ဇာဒါရီကပြော
ပါကစ္စတန် သမ္မတ အာစိအာလီဇာဒါရီ အနေနဲ့ နိုင်ငံခြား ခရီးစဉ်တွေကို ဖျက်သိမ်း ပြီး တိုင်းပြည်က ကယ်ဆယ်ရေး လုပ်ငန်း တွေကို လာရောက်ကြည့်ရှုသင့်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေကို မစ္စတာ ဇာဒါရီက ပယ်ချလိုက်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုက်ရိုက်ကြီးကြပ်နေတယ်လို့ မစ္စတာ ဇာဒါရီက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောပါတယ်။
နောက်ပြီး သူရောက်ရှိခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေက အကူအညီပေးရေး ကတိ ကဝတ်တွေ ရရှိအောင် သူ့အနေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံက ရေကြီးမှုဒဏ်ကြောင့် အတိဒုက္ခရောက်ခဲ့ရသူ အရေအတွက်ဟာ (၁၄) သန်း အထိ ရောက်ရှိလာပြီလို့ ကယ်ဆယ်ကူညီရေး အရာရှိတွေက ပြောပါတယ်။

ပြည်နယ် နှစ်ခုထဲမှာတင် ဒုက္ခရောက်နေသူ အရေအတွက်ဟာ (၁၂) သန်းရှိပါတယ်
ပြည်နယ်လေးခုအနက် ခိုင်ဘာပက်တူခွါးနဲ့ ပန်ဂျပ်ပြည်နယ် နှစ်ခုထဲမှာတင် ဒုက္ခရောက်နေ ကြရတဲ့ အရေအတွက်ဟာ (၁၂) သန်း ဖြစ်တယ် လို့ဆိုပါတယ်။
ကောက်ပဲသီးနှံပင်တွေဟာ ရေနဲ့မျောပါ ပျက်စီး သွားခဲ့တာကြောင့် တချို့လူတွေဟာ အစား အသောက် အကူအညီရရှိမှသာ အခုလာမယ့် ဆောင်းရာသီကို ကျော်လွှားနိုင်မယ့် အခြေအနေ ရှိတယ်လို့ ကုလသမဂ္ဂ အရာရှိ မန်နျူရယ် ဘတ်စ်လာက ဘီဘီစီကို ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေအတွက် အရေးတကြီး လိုအပ်တာတွေကတော့ သန့်ရှင်းတဲ့ သောက်ရေ ရရှိရေးနဲ့ ကျန်းမားရေး အကူအညီတွေ ဖြစ်တယ်လို့ မစ္စတာ ဘတ်စ်လာက ပြောပါတယ်။

