
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာအောင် ညှိနှိုင်းပေးတဲ့ ကတ်သလစ် ဘုန်းတော်ကြီး Jaime Ortega
ကျူးဘားနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၅၂ယောက်ကို အစိုးရက ပြန်လွှတ် ပေးဖို့ သဘောတူ လိုက်ပါပြီ။
မနေ့က နိုင်ငံရေး အကျဉ်းသား ငါးယောက်ကို လွှတ်ပေးခဲ့ပြီး သူတို့မိသားစု ရှိရာ စပိန်ကို သွားခွင့် ပေးခဲ့တယ်လို့ အခုလိုရလဒ်တွေ ဖြစ်ပေါ်လာအောင် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ကျူးဘား ကတ်သလစ် ဘုရားကျောင်း အကြီးအကဲ Jaime Ortega က ပြောပါတယ်။
ကျန်တဲ့ ၄၇ ယောက်ကို ဒီလပိုင်းတွေအတွင်း ပြန်လွှတ် ပေးလိမ့်မယ်လို့ သိရပါတယ်။
ကျူးဘား သမ္မတ Raul Castro နဲ့ ဟာဗားနားမြို့မှာ ရောက်နေတဲ့ စပိန် နိုင်ငံခြားရေး ဝန်ကြီး Miguel Angel Moratinos တို့ အစည်းအဝေးလုပ်ခဲ့ ပြီးတဲ့နောက် အဲဒီ အကျဉ်းသား ပြန်လွှတ်ပေးမယ့် ကြေညာချက် ထွက်ပေါ်လာတာပါ။
ဒါဟာ ဆယ်စုနှစ်တွေ အတွင်း နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးမှု အများဆုံး ဖြစ်ပါတယ်။
ဒီလို လွှတ်ပေးမှုကို ကျူးဘားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ လော်ရာ ပိုလန်က ကြိုဆိုလိုက်ပြီး အခုလို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ့် သတင်းကို စောင့်စားခဲ့ရတာ ကြာပါပြီလို့ ပြောပါတယ်။
လက်ရှိ ထိန်းသိမ်းထားတဲ့ ၁၆၇ ယောက်ဟာ နိုင်ငံရေး အကျဉ်းသားတွေ တယောက်မှ မဟုတ်ဘူးလို့ ကျူးဘားအစိုးရ တချိန်လုံး ငြင်းဆိုပြောကြား နေခဲ့တာ ဖြစ်ပါတယ်။

