နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2010 - 22:29 GMT

စပိန်က ဂျာမန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်

Spain goal

ပူယောင်ရဲ့ အနိုင်ဂိုး

ပွဲစဉ်တစ်လျှောက် ပြိုင်ဖက်အသင်းတွေကို လေးဂိုးတွေ သွင်းပြီး အနိုင်ယူခဲ့တဲ့ ဂျာမနီ အခုပွဲမှာတော့ ဂိုးရအောင် မသွင်းနိုင်ပဲ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းကလိုပဲ ဆီမီးဖိုင်နယ်ကနေ ထွက်သွားရပြန်ပါပြီ။

ဥရောပချန်ပီယံစပိန်ကတော့ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်လာနိုင်တဲ့ အတွက် သမိုင်းသစ်ကို ရေးလိုက်နိုင်ပြီဖြစ်ပါတယ်။

စနစ်တကျ ဆင်းတတ် တက်တတ်တဲ့၊ ခံစစ်နဲ့ တိုက်စစ်ကို မျှကစားတတ်တဲ့ ဂျာမနီကို စပိန် ထိန်းကစားသွားနိုင်ပါတယ်။ ပထမပိုင်းမှာ ကတည်းက စပိန် ဂိုးသွင်းခွင့်တွေရခဲ့ပါတယ်။ ဂျာမန် ဂိုးသမား ကာကွယ်နိုင်တာရယ်၊ ဂိုးပေါက်နဲ့ ကပ်လွဲတာရယ်တွေကြောင့် ဂိုးမရပဲ ဖြစ်နေတာပါ။

စပိန်က ဒီနေ့ပွဲမှာ ခြေမှန်မရသေးတဲ့ ဖာနန်ဒိုတောရက်စကို စကတည်းက ထဲ့မကစားပဲ သူ့နေရာမှာ ဘာစီလိုးနားမှာကစားနေတဲ့ ပက်ဒရိုကို ကစားခိုင်းပါတယ်။

ပက်ဒရိုညာတောင်ပံကနေ ကောင်းကောင်းမွှေနှောက် ကစားသွားနိုင်ပါတယ်။

ဂျာမန်အသင်းကတော့ ဒီနေ့ပွဲမှာ စိုးရိမ်စိတ်ကြောင့်လား၊ သတိထားလွန်းနေတာကြောင့်လားမသိ၊ အရင်က မြင်ခဲ့ရတဲ့ အပေးအယူ သေသေသပ်သပ်နဲံ ထိုးဖောက်နိုင်တာမျိုး မတွေ့ရပါဘူး။

ဒါပေမယ့် ဂျာမန်ဖက်ကလည်း သေချာပေါက် ဂိုးသွင်းခွင့်ရခဲ့ပါသေးတယ်။ ဘယ်ဖက်ကနေ ပိုလ်ဒေါ့စကီးအထောင်ချပေးတဲ့ ဘောလုံးကို ခရူး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းတာ စပိန် ဂိုးသမား ကာဆီးယပ်စ ကာကွယ်လိုက်နိုင်ပါတယ်။

ဒုတိယပိုင်းမှတော့ စပိန်က အပေးအယူတွေ စိတ်စိတ်နဲ့ ထိုးဖောက်လာပါတယ်။ အလယ်တန်းက ရှာဗီနဲ့ အင်နီယက်စတာတို့ ရှေ့တန်းက ဒါဗစ်ဗီယာ၊ ပက်ဒရိုတို့နဲ့ ချိတ်ဆက်ပြီး ကစားပါတယ်။ စပိန် ဂိုးရတော့မလားဆိုတာ အကြိမ်ကြိမ် ဖြစ်လာနေပါတယ်။

ဒီလိုနဲ့ ၇၃ မိနစ်မှာတော့ စပိန်က ကော်နာရပါတယ်။ ဘယ်ဖက်က ရှာဗီကန်တင်ပေးတဲ့ ဘောလုံးကို စပိန်နောက်ခံလူ ပူယောင်က ပြေးဝင်ပြီး ဂိုးသမားရဲ့ ဘယ်ဖက်ကို ခပ်ပြင်းပြင်းခေါင်းတိုက်သွင်းသွားတာပါ။

တစ်ဂိုးသွင်းခံလိုက်ရတော့ ဂျာမနီ ကမန်းကတန်းချေပဂိုးရဖို့ လိုက်ကစားပါတယ်။

ရှေ့ကို အတက်များနေတဲ့ ဂျာမနီ နောက်ထပ် တစ်ဂိုးပေးလိုက်ရမလို ထပ်ဖြစ်ပါသေးတယ်။ ညာတောင်ပံကနေ ဂိုးရှေ့ကိုဆွဲပြေးလာတဲ့ ပက်ဒရို ဂျာမန်နောက်ခံလူတွေကို ကျော်ပြီး ဂိုးသမားနဲ့ အတွေ့မှာ လိမ်ရင်းခေါက်ရင်း နောက်ခံလူတွေပြန်မီလာပြီး ဖျက်ခံလိုက်ရပါတယ်။ သူ့ဘေးက ယှဉ်ပြေးတက်လာတဲ့ တောရက်စ်ကိုသာ စောစောစီးစီးချပေးခဲ့ရင် တောရက်စ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းနိုင်ခဲ့ဖို့ရှိပါတယ်။

ပွဲပြီးကာနီးလာလေလေ စပိန်ကပဲ ပိုထိုးဖောက်နိုင်လာလေလေ ဖြစ်ပြီး ဂျာမန်ကစားသမားတွေကတော့ သိတ်ပြီး မလိုက်နိုင်တော့တာမျိုး၊ ခြေမသယ်နိုင်တော့တဲ့ ပုံမျိုးဖြစ်လာနေပါတယ်။

ဒီလိုနဲ့ပဲ စပိန်က ဂျာမနီကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။

လာမယ့် ဇူလိုင် ၁၁ ရက်မှာ စပိန် နဲ့ နယ်ယာလန် ဗိုလ်လုကြမှာပါ။

ဒီနှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလား တစ်ကြိမ်မှ မရဖူးသေးပါဘူး။

နယ်သာလန် အသင်းက ဖိုင်နယ်အထိ ၂ ခါ တက်ခဲ့ဖူးပြီး ဒုတိယနဲ့ပဲ ကြေနပ်ခဲ့ရဖူးပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာ့ဖလားကို ပိုင်ပိုင်ရဖို့ အစွမ်းကုန် ကြိုးစားမှာပါ။

စပိန်ကလည်း ဗိုလ်စွဲရင် ဥရောပချန်ပီယံရော ကမ္ဘာ့ချန်ပီယံပါ ဖြစ်လာမှာမို့ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။

အာဖရိကမှာ ပထမဆုံးကျင်းပတဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးတဲ့ အသင်းတစ်သင်း ချန်ပီယံ ဖြစ်လာတော့မှာမို့ ကမ္ဘာ့ဘောလုံးသမိုင်း စာမျက်နှာသစ်တစ်ရပ်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။