
ဂိုးသွင်းခဲ့ကြတဲ့ ရှနိုက်ဒါ နဲ့ ဘရော့ဟတ်စ်
နယ်သာလန် ၃ - ၂ ဥရုဂွေး
ဒီပွဲမှာတော့ နှစ်သင်းစလုံးက ခြေစွမ်းပုံမှန်ပဲ ရှိကြပြီး သိတ်စိတ်လှုပ်ရှားစရာ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာ နှစ်ဖက်စလုံး ကိုယ့်ဖက်က ဂိုးမပေးရရေးကိုပဲ ဦးစားပေးကစားသွားကြပါတယ်။
အဆုံးမှာတော့ တစ်ဦးချင်းခြေစွမ်းပိုကောင်းတဲ့ နယ်သာလန်က ဂိုးသွင်းခွင့်တွေ ဖန်တီးပြီး အနိုင်ယူသွားတာပါ။ ကစားကွက်မှာ သိတ်ကြည့်မကောင်းလှပေမယ့် ဒီပွဲမှာ သွင်းသွားတဲ့ ဂိုးတွေကတော့ တော်တော်လေး လှပတဲ့ ဂိုးတွေပါ။
ပထမပိုင်း ၁၈ မိနစ်မှာ နယ်သာလန်အလယ်တန်းက အပေးအယူ လုပ်လာပြီး ဘယ်တောင်ပံမှာ ရှိနေတဲ့ ကပ္ပတိန် ဗင် ဘရော့ဟတ်စ်ကို ချပေးတာ ဘရော့ဟတ်စ်က ဘယ်ခြေနဲ့ ကိုက် ၄၀က အပြင်းကန်သွင်းပါတယ်။ ဥရုဂွေးဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ထဲကို တန်းတန်းကြီး ဝင်သွားလို့ နယ်သာလန် အဖွင့်ဂိုးရသွားပါတယ်။
ဂိုးပေးလိုက်ရလို့ ဥရုဂွေး ဖက်က ချေပဂိုးရဖို့ ပိုပြီး ဖိပါတယ်။ ဒါပေမယ့် ဥရုဂွေးမှာ အားထားရတဲ့ ဆွာရက်စ အနီကပ်နဲ့ ပွဲပယ်ခံရလို့ မကစားနိုင်တဲ့ အတွက် ရှေ့တန်းတိုက်စစ်အားပျော့နေပါတယ်။ ဖော်လန် တစ်ယောက်ပဲ တစ်ခါတစ်ခါ ဖောက်လာတာတွေ့ရပါတယ်။
နယ်သာလန်ကလဲ နောက်တန်းမှာ ပြုံပြီးပိတ်ထားလို့ ထိထိရောက်ရောက် မဖောက်နိုင်ပဲဖြစ်နေပါတယ်။ ပထမပိုင်းပြီးကာနီး ၄၁ မိနစ်အရောက်မှာ တော့ ဒီယေဂို ဖော်လန်က နယ်သာလန် နောက်တန်းလူတွေ ကာထားတဲ့ ကြားက လွန်တဲ့ နေရာကနေ ဂိုးဧရိယာ အပြင်က အပြင်းကန်သွင်းတာ နယ်သာလန်ဂိုးသမား မဖမ်းလိုက်နိုင်ပဲ ချေပဂိုးပေးလိုက်ရပါတယ်။ ဖော်လန်အတွက် ဒီနှစ် ကမ္ဘာ့ဖလားမှာ ၄ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ နယ်သာလန်က ပိုပြီးသွက်သွက်လက်လက် တိုက်စစ်ဆင်လာပါတယ်။ မိနစ် ၇၀ အရောက်မှာတော့ ဥရုဂွေးဂိုးရှေ့မှာ ရှုတ်ရှက်ခတ်နေတုန်း ရှနိုက်ဒါက အနီးကပ်ကန်သွင်းတာ ဥရုဂွေးနောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။ နယ်သာလန် အတွက် ဒုတိယဂိုးပါ။ ဥရုဂွေး ပြန်လိုက်ကစားဖို့ ပြင်တုန်းရှိသေးတယ် နယ်သာလန် တတိယဂိုးရသွားပါတယ်။
ဘယ်တောင်ပံက ဒါ့ကောက်ကန်တင်ပေးတဲ့ ဘောလုံးကို အာရင်ရော်ဘင်က ခေါင်းတိုက်ပြီး ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ကို လှလှပပ သွင်းယူသွားတာပါ။
ရော်ဘင် နောက်ထပ်လဲ အနီးကပ်ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ပါတယ်။ ကန်ချက်ပျော့လို့ ဥရုဂွေးဂိုးသမား ဖမ်းမိသွားပါတယ်။
ပွဲပြီးကာနီးလို့ နာကျင်အချိန်ပို (injury time) အရောက်မှာ ဥရုဂွေးအတွက် နှစ်သိမ့်စရာ နောက်တစ်ဂိုးရသွားပါတယ်။ ပစ်ဒဏ်ဘောရတဲ့ ဘောလုံးကို ကန်မတင်ပဲ ရှေ့မှာ ရှိနေတဲ့ ပရဲရားကို ချပေးတာကို ပရဲရားက နယ်သာလန် နောက်ခံလူတွေကြားထဲက လွတ်နေတဲ့ နေရာကို ရှာပြီး ဂိုးသမားရဲ့ ညာဖက်ထောင့်ကို ကန်သွင်းလိုက်တာပါ။
ဥရုဂွေးအားတက်လာပြီး နောက်တစ်ဂိုးသွင်းနိုင်ဖို့ ဖိကြိုးစားပေမယ့် အချိန်မရတော့ပါဘူး။
နယ်သာလန်က ၃၂ နှစ်အတွင်း ပထမဆုံး ဗိုလ်လုပွဲကို တက်သွားနိုင်ပြီဖြစ်ပါတယ်။
ဥရုဂွေး ရှုံးသွားတဲ့အတွက်လည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ တောင်အမေရိက အသင်းတစ်သင်းမှ ဖိုင်နယ်တက်မလာတော့ပဲ ဥရောပ အသင်းနှစ်သင်းပဲ ဖလားလုကြရတော့မှာ ဖြစ်ပါတယ်။
ဒုတိယဆီမီးဖိုင်နယ်ကိုတော့ ဗုဒ္ဓဟူးနေ့မှာ စပိန် နဲ့ ဂျာမနီ ကစားကြမှာ ဖြစ်ပါတယ်။

