ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန် ခဲ့တဲ့ နိုင်ငံတော် အရေးပေါ် ဥပဒေကို နောက်ထပ် အချိန် ထပ်တိုးလိုက် ပါတယ်။

အစိုးရ အဆောက်အဦတွေ အနီးမှာ လုံခြုံရေး တွေ ချထားဆဲ
ဘန်ကောက် မြို့တော် နဲ့ ပြည်နယ် ၁၈ ခုမှာ နောက်ထပ် သုံးလ ထပ်တိုးလိုက်တာ နဲ့ ပတ်သက် ပြီး ဝန်ကြီးချုပ် ဝေ့တ်ချာချီဝက နောက်ထပ် အကြမ်းဖက်မှု တွေ ဖြစ်မလာ အောင် ဥပဒေ စိုးမိုးမှု ရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
သူတို့ ရထားတဲ့ သတင်းတွေ အရ လှုပ်ရှားမှု တချို့ ရှိနေသေးတာ သိရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဥပဒေ စိုးမိုးရေး ဆက်ရှိဖို့ လိုအပ်တာတွေကို လုပ်ဖို့ လိုတဲ့ အကြောင်းနဲ့ နောက်ထပ် သုံးလ သက်တမ်း ထပ်တိုးဖို့ ဝန်ကြီး အဖွဲ့က သဘောတူ ခဲ့တဲ့ အကြောင်း လည်း ထိုင်းဝန်ကြီးချုပ် ပြောပါတယ်။
ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အချိန် ယူရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တခြား ဒေသ သုံးခုမှာတော့ အရေးပေါ် ဥပဒေကို အစိုးရက ရုပ်သိမ်း လိုက်ပါတယ်။
ထိုင်းနိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဝန်ကြီးချုပ်ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှု မရှိဘူးလို့ ဝေဖန်နေကြချိန်မှာပဲ ပဋိပက္ခ ကာကွယ်ရေး ဆိုင်ရာ သုံးသပ်သူတွေ ကတော့ ထိုင်းနိုင်ငံရဲ့ သုံးပုံ တစ်ပုံ နီးပါးမှာ ပြဌာန်း ထားတဲ့ အရေးပေါ် အက်ဥပဒေဟာ အတိုက် အခံတွေ ကို မြေအောက် လှုပ်ရှားမှု ပြုလုပ်အောင် တွန်းပို့ပေးတဲ့ အန္တရာယ် ရှိတယ်လို့ ထောက်ပြ ကြပါတယ်။

