နောက်ဆုံး ရေးသားချိန် 5 ဇူလိုင်လ 2010 - 01:42 GMT

ပိုလန် ရွေးကောက်ပွဲမှာ Komorowski ကပ်ပြီး မဲအသာရ

Bronislaw Komorowski ပွတ်ကာ သီကာ မဲ အသာ ရနေ

ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ သမ္မတ ရွေးကောက်ပွဲရဲ့ မဲတွေ အားလုံး နီးပါး လောက် ရေတွက် သွားပြီးချိန်မှာ အစိုးရ ပါတီ သမ္မတလောင်း Bronislaw Komorowski က ပွတ်ကာ သီကာနဲ့ အနိုင်ရနေပါတယ်။

အခု နောက်ဆုံး မဲရလဒ်တွေအရ Bronislaw Komorowski က ထောက်ခံမဲ ၅၃ ရာခိုင်နှုန်း ရထားပြီး ပြိုင်ဖက် သမ္မတလောင်း Jaroslaw Kaczynski က ၄၇ ရာခိုင်နှုန်း ထောက်ခံမဲ ရထားပါတယ်။

မဲပေးပြီး ထွက်လာသူတွေကို စစ်တမ်း ကောက်ယူခဲ့မှုတွေ အရလည်း Bronislaw Komorowski အနိုင်ရမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Mr Komorowski ကတော့ ပိုလန်နိုင်ငံမှာ ဒီမိုကရေစီ စနစ်က အနိုင်ရသွားပြီ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရှန်ပိန် အရက်တွေနဲ့ အောင်ပွဲခံနိုင်ဖို့အတွက် နောက်ဆုံး ရလဒ် အဖြေ ထွက်လာတဲ့ အထိ စောင့်ဖို့လိုတယ်လို့ ပြောပါတယ်။

Mr Komorowski ဟာ အာဏာရ Civic Platform Party လို့ ခေါ်တဲ့ ပြည်သူ့ အခြေပြု ပါတီက ကိုယ်စားလှယ် သမ္မတလောင်းဖြစ်ပြီး စျေးကွက် ပြုပြင် ပြောင်းလဲရေးကို အားသန်သူ၊ ပိုလန် နိုင်ငံရဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် မိတ်ဖက် နိုင်ငံတွေနဲ့ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မယ့်သူလို့ ရှုမြင်ခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ အရင်သမ္မတ Lech Kaczynski ရဲ့ အမြွာ ညီအကို တော်သူ Jaroslaw Kaczynski အနေနဲ့ အကို ဖြစ်သူရဲ့ နေရာမှာ အစားဝင်နိုင်ဖို့ မျှော်လင့် ထားတာပါ။

ဇွန်လတုန်းက ကျင်းပခဲ့တဲ့ ပထမ အကျော့ ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းကမှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်း ကျော် မရခဲ့တဲ့အတွက် အခု ရွေးကောက်ပွဲကို ထပ်ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။