နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2010 - 21:42 GMT

ကမ္ဘာ့ဖလား ဆီမီးပွဲစဉ်တွေ

ဥရုဂွေး နဲ့ နယ်သာလန် ( ဇူလိုင် ၆ ရက် )

Netherlands

ရှနိုက်ဒါနဲ့ ဗင်ပါစီ

ဥရုဂွေးဟာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့တဲ့နိုင်ငံပါ၊ နယ်သာလန်ကတော့ ဘောလုံးမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်ပေမယ့် တစ်ခါမှ ဗိုလ်မစွဲခဲ့ဖူးပါဘူး။

အခု ဒီနှစ်သင်းတွေ့ကြမှာပါ။ နယ်သာလန်က ကွာတားဖိုင်နယ်မှာ နာမည်ကြီး ဘရာဇီးအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။

ဥရုဂွေးကတော့ ကွာတားမှာ ဂါနာကို ပင်နယ်တီနဲ့ နိုင်ပြီးတက်လာတာပါ။ ဒါတောင် အချိန်ပိုမှာ ဂါနာက ကန်သွင်းတဲ့ဘောလုံး ဂိုးပေါက်ထဲ ဝင်သွားတာကို ဥရုဂွေးက ဆွာရက်စက လက်နဲ့ပုတ်ထုတ်လို့သာ ဂါနာဂိုးမရပဲ ပင်နယ်တီ ကန်ရတဲ့ အထိရောက်ခဲ့တာပါ။ ဆွာရက်စကတော့ အနီကပ်နဲ့ ထုတ်ခံရလိုက်ရတဲ့ အတွက် နယ်သာလန်နဲ့ ကန်မယ့်ပွဲမှာ ကစားရမှာတော့ မဟုတ်ပါဘူး။

ဥရုဂွေး အလယ်တန်းက အရေးပါတဲ့ နစ်ကိုလပ် လော်ရေးဒိုလည်း နာနေလို့ ကစားနိုင်မှာ မဟုတ်တဲ့ အတွက် ဥရုဂွေးဖက်မှာတော့ အားပျော့နေမှာ ဖြစ်ပါတယ်။

နယ်သာလန်ကတော့ ဒီကမ္ဘာ့ဖလားမှာ ၅ ပွဲ ကစား ၅ ပွဲ နိုင်ထားပြီး၊ အသင်းအနေနဲ့ အခုအထိ ၂၄ ပွဲ ဆက်တိုက်နိုင်ပွဲရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ရှေ့တန်းက ဗင်ပါစီ နဲ့ အာရင်ရော်ဘင် တို့က ထိုးဖောက်အား ကောင်းနေသလို၊ ရှနိုက်ဒါရဲ့ ကွင်းလယ်က ဖန်တီးပို့ပေးချက်တွေ ကိုယ်တိုင်ဂိုးသွင်းစွမ်းရည်တွေကလည်း ဥရုဂွေးကို ခြိမ်းခြောက်နိုင်ပါတယ်။

ဒါပေမယ့် ဥရုဂွေးကလည်း အခုအထိ ငါးပွဲ ကစားပြီးတဲ့ အထဲမှာ ပေးဂိုး နှစ်ဂိုးပဲ ရှိလို့ (ဂါနာနဲ့ ကန်ရတဲ့ ပင်နယ်တီမပါ) နောက်တန်း လုံတဲ့ အသင်းတစ်သင်းပါ။

အခုအထိ ဆီမီးတက်လာတဲ့ လေးသင်းထဲမှာ ဥရုဂွေး တစ်သင်းပဲ တောင်အမေရိက ကိုယ်စားပြုအသင်းကျန်နေပြီး၊ ကျန် သုံးသင်းစလုံးက ဥရောပ အသင်းတွေပါ။

ဖိုင်နယ်မှာ တောင်အမေရိက အသင်းတစ်သင်း တက်လာတယ်ဆိုတာဖြစ်အောင် ဥရုဂွေးက နယ်သာလန်ကို ကျော်ဖြတ်နိုင်အောင် ကစားရမှာပါ။ လွယ်လွယ်တော့ မဖြစ်နိုင်ပါဘူး။


ဂျာမနီ နဲ့ စပိန် (ဇူလိုင် ၇ ရက်)

David Villa

ဂျာမနီ ဗီယာကို တားဖို့လို

ဥရောပချန်ပီယံ စပိန် နဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ အားလုံး အံ့အားသင့်ရအောင် ခြေစွမ်းတွေ ပြ ဂိုးတွေ တစ်ဒိုင်းဒိုင်းရှုးနေတဲ့ ဂျာမနီတွေ့ကြမှာဆိုတော့ ဒီပွဲ က ဖိုင်နယ်လို့တောင် ပြောရမယ့်ပွဲ မျိုးပါ။

စပိန်က လက်ရှိ ဥရောပ ချန်ပီယံဆိုပေမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ကစားပုံ အခုအထိ အားရစရာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဂိုးသွင်းစက်ကလေး ဒါဗစ်ဗီယာပုံမှန် ဂိုးလေးတွေ သွင်းပေးနေတဲ့ အတွက် ဒီအဆင့်အထိတက်လာနိုင်ခဲ့တာလို့ ပြောလို့ရပါတယ်။ ကွာတားဖိုင်နယ်မှာတောင် ပါရာဂွေးကို တော်တော်လေး အကြိတ်အနယ် ကစားရပြီးမှ ဗီယာရဲ့ တစ်လုံးထဲသော ဂိုးနဲ့ နိုင်လာခဲ့ရတာပါ။

ဒါပေမယ့် စပိန်မှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ အလယ်တန်းက ရှာဗီ၊ အင်နီယက်စတာနဲ့ အလွန်ဆိုတို့ရှိသလို အာဆင်နယ်က စက် ဖာဘရာဂတ်စ်ကလည်း အချိန်ပြည့်မဟုတ်ရင်တောင် မိနစ်ပိုင်း ဝင်ကစားပြီး ပွဲ အခြေအနေကို ပြောင်းပေးနိုင်တဲ့ ခြေစွမ်းရှိသူပါ။ ရှေ့တန်းမှာတော့ ဗီယာက ပွဲတိုင်းလိုလို ဂိုးသွင်းပေးနေပြီး ဖာနန်ဒိုတောရက်စ ကဒဏ်ရာကြောင့် ပုံမှန်ခြေမရသေးတာတောင် ပြိုင်ဖက်အသင်းနောက်တန်းကို မွှေနှောက်နိုင်တဲ့ ခြေစွမ်းရှိပါတယ်။

ဂျာမနီကတော့ ဒီနှစ်ပြိုင်ပွဲဝင် အသင်းတွေထဲမှာ လူငယ်တွေ အများစုနဲ့ ဖွဲ့ထားတဲ့ အသင်းဆိုပေမယ့် အာဂျင်တီးနားကို ကစားသွားတဲ့ ခြေစွမ်းဟာ အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဂိုးသွင်းခြေကလည်း သြစတေလျ၊ အင်္ဂလန် နဲ့ အာဂျင်တီးနားလို အသင်းတွေကို ၄ ဂိုးစီသွင်းထားတာဆိုတော့ ဂျာမနီရဲ့ တိုက်စစ်နဲ့ ဂိုးသွင်းခြေဟာ ကြောက်စရာ ကောင်းနေတယ်ဆိုတာ သိသာပါတယ်။

ဂျာမနီမှာ တစ်ဦးချင်းထူးချွန်တဲ့ ဘောလုံးသမားတွေအများကြီးရှိသလို အသင်းရဲ့ အဓိက အားက အချင်းချင်းနားလည်မှုပါ။ ဂိုးသွင်းကြတဲ့နေရာမှာလည်း တစ်ကိုယ်ခေါင်း မဆန်ပဲ အပိုင်ဆုံးသွင်းနိုင်မယ့်သူကို ဝိုင်းပြီးဖန်တီးပေးကြတာ ဂျာမန်အသင်းရဲ့ အားသာချက်ပါပဲ။ ဒါကြောင့်ပဲ ရလိုက်တဲ့ ဂိုးတွေကလည်း ဒီနှစ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းဖြစ်နေပါတယ်။

ဂျာမန်အသင်းမှာ ကလိုစာ နဲ့ မူလာက ၄ ဂိုးစီသွင်းထားပြီး၊ စပိန်က ဗီယာက ၅ ဂိုးသွင်းထားလို့ အားလုံး ရွှေဖိနပ်ဆုကို ချိန်နိုင်ကြသူတွေ ဖြစ်နေပါတယ်။

မူလာကတော့ စပိန်နဲ့ ပွဲမှာ ပွဲပယ်ပစ်ဒဏ်ခံရမှာမို့ ဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

ဂျာမန် နဲ့ စပိန် စုစုပေါင်း ပွဲ ၂၀ ကစားဖူးပါတယ်၊ ဂျာမနီက ၈ ပွဲ နိုင်ပြီး၊ စပိန် က ၆ ပွဲနိုင်ခဲ့ပါတယ်၊ ၆ ပွဲကတော့ သရေပါ၊

ပြီးခဲ့တဲ့ ယူရို၂၀၀၈ကတော့ စပိန်က ဂျာမနီကို နိုင်ခဲ့ပါတယ်။

အခုအထိ ကစားပြီး သမျှခြေကို ကြည့်ရင် ဂျာမနီက သာသလိုရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားနဲ့ တစ်ခါမှ မနီးစပ်ဖူးသေးတဲ့ စပိန်အတွက်လည်း ဒီအဆင့်အထိရောက်လာမှတော့ ခြေကုန်ကစားသွားမှာပါ၊ ကြည့်ကောင်းမယ့်ပွဲ ဖြစ်မှာ အသေအချာပါ။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။