စပိန် ၁ - ၀ ပါရာဂွေး

ဂိုးသွင်းခဲ့တဲ့ဗီယာ
စပိန်က ပါရာဂွေးကို ပွဲပြီးခါနီးမှ ကပ်ပြီးသွင်းတဲ့ ဗီယာရဲ့တစ်လုံးတည်းသောဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားခဲ့ပါပြီ။
စပိန်တိုက်စစ်အားလဲ မှန်းသလောက်မကောင်းသလို အလယ်တန်းကလဲ ပါရာဂွေးကို မစီးထားနိုင်လို့ ပွဲက ခြေမပြတ်လှသလိုဖြစ်နေပါတယ်။
ပွဲအတွင်းမှာ နှစ်သင်းစလုံး ပင်နယ်တီတွေ ရခဲ့ကြပေမဲ့ အဲဒီကနေဂိုးတွေတော့ ဖြစ်မလာခဲ့ကြပါဘူး။
ဒီလိုနဲ့ အချိန်ပိုတွေများ ကြည့်ရတော့မလားလို့ ထင်နေစဉ်မှာပဲ ထုံးစံအတိုင်း ဂိုးကံကောင်းလှတဲ့ ဗီယာ ကသွင်းယူသွားခဲ့လို့ စပိန်တို့ နောက်တစ်ဆင့်တက်သွားခဲ့ပါပြီ။
နောက်တစ်ဆင့်မှာတွေ့ရမှာကတော့ မာရာဒိုနာ နဲ့ မက်ဆီတို့ရဲ့ အာဂျင်တီးနားကို အိမ်စောစောပြန်ခိုင်းလိုက်တဲ့ ကလိုစာတို့ ဂျာမနီပဲဖြစ်ပါတယ်။
ရွှေဖိနပ် ဆရာဟာ ဗီယာလား၊ ကလိုစာလား၊ ဒါမှမဟုတ် မူလာ လားဆိုတာ ဒီပွဲက အဖြေပေးကောင်းပေးသွားနိုင်ပါတယ်။

တဲဗက်လဲ မဖောက်နိုင်
ဂျာမနီက ၄ - ၀ အာဂျင်တီးနား
ပြီးခဲ့တဲ့ တစ်ရက်ကပဲ နယ်သာလန်က ဘရာဇီးကို အနိုင်ယူပြီး ဆီမီးတက်သွားခဲ့တော့ ဒီကနေ့ပွဲမှာ တောင်အမေရိက အသင်းက ဥရောပ အသင်းကို အနိုင်ရမှာလား၊ ကစားပြီးသမျှ ပွဲတိုင်း နိုင်ခဲ့တဲ့ အာဂျင်တီးနား၊ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမား မက်ဆီရှိတဲ့ အာဂျင်တီးနား၊ ဘရာဇီးလိုပဲ ဗိုလ်စွဲ နိုင်မယ်လို့ အများက မှန်းထားတဲ့ အာဂျင်တီးနား တကယ်လည်း ကစားရော ဘက်ပေါင်းစုံမှာ ဂျာမနီကို မယှဉ်နိုင်ပဲရှိခဲ့ပါတယ်။
လူငယ်လေးတွေ အတွေ့အကြုံနဲ သေးသူ တက်သစ်စ ဘောလုံးသမားလေးတွေ အများကြီးပါနေတဲ့ ဂျာမန်အသင်းဟာ အာဂျင်တီးနား တိုက်စစ်ကို ထိန်းနိုင်ရုံမက ကိုယ်တိုင်လည်း အကြိမ်ကြိမ် ထိုးဖောက် ကစားသွားခဲ့တာ တွေ့ရပါတယ်။
ပွဲစလို့ ၃ မိနစ်ပဲ ရှိပါသေးတယ်။ ဂျာမနီ အဖွင့်ဂိုးရသွားပါတယ်။ ဂျာမနီရတဲ့ ပစ်ဒဏ်ဘောကို ဘယ်ဖက်ကနေ ရွှိင်းစတိုက်ဂါက ဂိုးရှေ့အတိအကျ ကန်တင်ပေးတာကို အာဂျင်တီးနားနောက်တန်းလူတွေနဲ့ ယှဉ်ပြေးရင်း မူလာက ခေါင်းတိုက်သွင်းယူလိုက်တာပါ။
တကယ်ဆို ဂျာမန်အသင်း ဒီထက်တောင် ဂိုးတွေ ပိုရနိုင်ခဲ့ပါတယ်။ ပထမဂိုး သွင်းပြီး သိတ်မကြာခင် ကလိုစာ အနီးကပ်ကန်သွင်းတဲ့ ဘောလုံး ဂိုးပေါ် ထောင်တက်သွားလို့ သေချာပေါက် တစ်လုံး နစ်နာ သွားရတာပါ။
ဂိုးပေးလိုက်ရလို့ အာဂျင်တီးနား နဲနဲတော့ ပြာသွားပုံရပါတယ်။ ဒါပေမယ့် အချိန်တွေ ကျန်သေးတယ်ဆိုပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ကြိုးစားပါတယ်။ ဟီဂွေယင် နဲ့ တဲဗက်စတို့ တောင်ပံက တက်လာတာကို မက်ဆီက အလယ်က ပံ့ပိုးပါတယ်။ ဒါပေမယ့် ဂျာမန်အသင်းက စနစ်တကျ ခုခံဖျက်ထုတ်နိုင်ပါတယ်။
အာဂျင်တီးနားတွေ ဘောလုံးရရင် ဂျာမန်အသင်းက အကုန်တက် အကုန်ဆင်းဖျက်တော့ တစ်ဖက်က ကစားကွက်မရပဲ ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ဂိုးထဲနဲ့ ပထမပိုင်းပြီးသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဂျာမန်တွေကပဲ ပိုပြီးအကွက်ဆင်နိုင် ပိုဖိနိုင်ပါတယ်။ ၆၇ မိနစ်မှာတော့ ဂျာမန်အသင်းက ပိုဒေါ့စကီးက ဆွဲပြေးလာပြီး မကန်သွင်းသေးပဲ တစ်ဖက်က လိုက်တက်လာတဲ့ ကလိုစာဆီကို အာဂျင်တီးနား ဂိုးသမား ရှေ့က ဖြတ်ချပေးလိုက်တာကို ကလိုစာ အသာလေးကန်သွင်းလိုက်တာပါ။
ကစားကွက် ရှုံးနေရတဲ့ ကြားထဲမှာ ၂ ဂိုးအသွင်းခံထားရပြီဆိုတော့ အာဂျင်တီးနား ပြန်လိုက်ဖို့ ခက်နေပါပြီ။
ဂျာမနီက တော့ လွယ်လွယ် လေးပဲ ရှေ့ကိုဆက်ချီနေပါတယ်။ ကစားပွဲကို သူတို့ လုံးဝ ထိန်းပြီး ထားနိုင်နေပါတယ်။ အာဂျင်တီးနားက မက်ဆီ၊ တဲဗက်စ နဲ့ ဟီဂွေယင်တို့ အဝေးကပဲ လှမ်းကန်သွင်းနေရပါတယ်။
၇၄ မိနစ်မှာ ဂျာမနီ တတိယဂိုးရပါတယ်။ ဒီဂိုးကလည်း ဂျာမန်ဘောလုံးသမားတွေဟာ အသင်းလိုက် စုစည်းမှုရှိတယ်၊ ဂိုးသွင်းတဲ့ နေရာမှာလည်း တစ်ကိုယ်ကောင်းမဆန်ပဲ ပိုပြီးအခွင့်အရေးရှိသူကို ဖန်တီးပေးတယ်ဆိုတာပြလိုက်တာပါပဲ။ ဘယ်တောင်ပံဖက်က ရွှိင်းစတိုက်ဂါ ဆွဲပြေးလာပြီး အာဂျင်တီးနား နောက်တန်းလူတွေကို လိမ်ခေါက် ပြီး ဂိုးပေါက်ဝကို ဆွဲပြေးပါတယ်။ ပြီးမှ ပြန်ခေါက်ပြီး ချပေးတဲ့ဘောလုံးကို ဖရိတ်ဒရစ်က ကန်သွင်းလိုက်တာပါ။
အာဂျင်တီးနား အတွက်တော့ ကျန်တဲ့ ၁၅ မိနစ်မှာ ၃ ဂိုးပြန်သွင်းနိုင်ဖို့ဆိုတာ လုံးဝမလွယ်တော့တဲ့ အခြေအနေပါ။
အာဂျင်တီးနားပြန်သွင်းဖို့ မလွယ်ပေမယ့် ဂျာမနီအတွက်တော့ ဂိုးသွင်းဖို့က သိတ်လွယ်နေသလိုပါပဲ၊ ၃ ဂိုးရပြီးတာဟာလဲ မလုံလောက်သေးသလိုပါပဲ။

ကလိုစာ သွင်းလိုက်တဲ့ ဂျာမန် အတွက် စတုတ္ထဂိုး
ပွဲပြီးကာနီး တစ်မိနစ်ပဲ အလိုမှာ ဘယ်တောင်ပံကပဲ ပိုဒေါ့စကီးက ဆွဲပြေးလာပြီး သူနဲ့အတူယှဉ်ပြေးလာတဲ့ အူးဇဲလ်ကို ချပေးပါတယ်။ အူးဇဲလ်က ဂျာမန်နောက်ခံလူတွေ ရဲ့ခေါင်းပေါ်ကျော်ပြီး ညာဖက်က ပြေးတက်လာတဲ့ ကလိုစာကို ချပေးလိုက်တာကို ကလိုစာက ဂိုးသမားရဲ့ ညာဖက်ထောင့်ကို လှလှပပ ကန်သွင်းလိုက်တာပါ။ ဒါဟာ ကလိုစာရဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ၄ ဂိုးမြောက် သွင်းယူတဲ့ ဂိုးပါ။
ကလိုစာဟာ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးနဲ့ ရွှေဖိနပ်ရခဲ့ပါတယ်။
တကယ်တော့ ကမ္ဘာ့ဖလား ရာဇဝင်မှာ ရွှေဖိနပ်ဆုကို ဘယ် ဘောလုံးသမားမှ နှစ်ကြိမ် မရဖူးသေးပါဘူး၊ ကလိုစာအတွက် အဲ ဒီစံချိန်ကို ချိုးနိုင်မယ့် အခွင့်အလမ်း ရှိနေပါတယ်။
ကလိုစာဟာ ကမ္ဘာ့ဖလားပွဲတွေ မှာ စုစုပေါင်း ၁၄ ဂိုးသွင်းထားပြီးပါပြီ၊ ၁၅ ဂိုးနဲ့ ဘရာဇီးက ရော်နယ်ဒို တင်ထားတဲ့ စံချိန်ကိုလည်း မကြာခင် ချိုးနိုင်မယ့် အလားအလာ ရှိနေပြီ ဖြစ်ပါတယ်။

