နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2010 - 01:05 GMT

ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်စက် တည်ဆောက်

Solar Energy

နေစွမ်းအင်ကြောင့် အလုပ်အကိုင်သစ်တွေ ရဖို့လည်း မျှော်လင့်နေ

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ အကြီးဆုံး နေရောင်ခြည်စွမ်းအင်ထုတ် စက်ရုံတွေ တည်ဆောက်ဖို့ စတင် လုပ်ဆောင် နေပါတယ်။

နေရောင်ခြည်သုံး ဆိုလာပြားတွေအသုံးပြုပြီး စွမ်းအင်ထုတ်ဖို့ ကြိုးစားတာဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စွမ်းအင်သုံးနိုင်ဖို့လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးစားတာ ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင် သုံးစွဲနိုင်ပြီဆိုရင် စွမ်းအင်ထုတ်နိုင်ဖို့ အခုလက်ရှိ ရေနံကို အလွန်အမင်းမှီမိုနေရမှုကနေ သက်သာသွားဖို့အတွက် အိုဘားမားအစိုးရက ရည်ရွယ်တာပါ။

အမေရိကန်အစိုးရက နေရောင်စွမ်းအင်ထုတ်မယ့် ကုမ္ပဏီ ၂ ခုကို ဒေါ်လာ သန်း ၂ ထောင်ထုတ်ချေးမှာဖြစ်သလို ဒီစီမံကိန်းတွေမှာ အလုပ်လုပ်နိုင်ဖို့ အလုပ်သမားသစ် ၅ ထောင်ထက် မနည်းတဲ့ လူတွေကိုလည်း ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ၊ စက်မှုလုပ်ငန်းအသစ်တွေ အမေရိကန်နိုင်ငံကနေ အမြစ်တည်ပြီး ဖြစ်ထွန်းဖို့ အပြင်းအထန် အပြိုင်အဆိုင်လုပ်နေရတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။

အရီဇိုနာပြည်နယ်မှာ ဒီစက်ရုံတည်ဆောက်ပြီးသွားပြီဆိုရင် အမေရိကန်မှာ အကြီးဆုံး နေရောင်စွမ်းအင်ထုတ် စက်ရုံတစ်ခု ဖြစ်လာမှာပါ။

ဒီနေရောင်ခြည်သုံးစက်ရုံက စွမ်းအင်ကို အစားထိုးသုံးစွဲခြင်းဟာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

တစ်နှစ်တစ်နှစ်ကို ကားအစင်းပေါင်း ၉ သောင်းက ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏလောက်ကို လျော့ချနိုင်သလိုမျိုး လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနှစ်ခုထဲက ဒုတိယ နေရောင်ခြည်စွမ်းအင်ကုမ္ပဏီကတော့ ခေတ်မီနည်းစနစ်နဲ့ပြုလုပ်ထားတဲ့ ပါးလွှာတဲ့ ဆိုလာပြားတွေကို ထုတ်လုပ်ပေးမယ့် ကုမ္ပဏီဖြစ်ပါတယ်။

ဒီဆိုလာပြားတွေ ထုတ်လုပ်မယ့် နည်းပညာကို ကမ္ဘာမှာ စီးပွားဖြစ်ထုတ်လုပ်တဲ့ ဆိုလာပြားတွေမှာ ပထမဆုံးအကြိမ် သုံးစွဲမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။