
ဟီလာရီကလင်တန် ပိုလန်ကိုရောက်ရှိစဉ် အခုလို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်
ပိုလန်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုံးပျံကာကွယ်ရေးစနစ် ချထားရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုး လိုက်ပြီဖြစ် ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပိုလန်ကိုရောက်ရှိစဉ် အခုလို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
ဒီစာချုပ်အရ ၂၀၁၅ ခုနှစ်ကစလို့ အမေရိကန် တို့ဟာ ဒုံးပျံတွေကို ကြားဖြတ်ပစ်ခတ်နိုင်မယ့် ရွှေ့ပြောင်း ဒုံးပျံပစ်စင်တွေ ပိုလန်မှာ ချထားနိုင်မှာဖြစ်ပါတယ်။
အခုဒုံးပျံကာကွယ်ရေးစနစ်ဟာ ဥရောပမှာရှိတဲ့ အမေရိကန် မဟာမိတ်တွေကို အီရန်လို တဖြည်းဖြည်းခြင်း ခြိမ်းချောက်လာနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ဖြစ်တယ်။
ရုရှားကို အန္တရာယ်ပေးဖို့ ဆိုပြီး မမြင်ကြဖို့ကို မစ္စကလင်တန်ကပြောကြားသွားပါတယ်။
အမေရိကန်က သူ့ရဲ့ ဒုံးပျံကာကွယ်ရေးစနစ်တွေကို ဥရောပမှာ ဖြန့်ချထားဖို့ ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့နဲ့ သဘောတူထားတာ အရင်သမ္မတဘွတ်ရှ် လက်ထက်ထဲက ဖြစ်ပါတယ်။
သမ္မတ ဘွတ်ရှိလက်ထက် စီစဉ်ထားခဲ့တာကတော့ ပိုလန်မှာ အဓိက ဒုံးပျံကာကွယ်ရေး စခန်းကြီး တခုတည်ဆောက်ဖို့နဲ့ ချက်မှာတော့ ရေဒါစခန်းတခုထားဖို့ပါ။
အခု သမ္မတအိုဘားကကတော့ ပြည်ပကခြိမ်းချောက်နိုင်မယ့် အနေအထားကို ပြန်သုံးသပ် ပြီး ဒုံးပျံကာကွယ်ရေးစနစ်ကို သိပ်အကြီးအကျယ်ကြီး မလုပ်တော့ဘူးလို့ ဆိုပါတယ်။
အရင်ကလို ကာကွယ်ရေးစခန်းကြီးတည်ဆောက်တော့မှာ မဟုတ်တော့ဘဲ၊ ပိုလန်နိုင်ငံထဲ မှာပဲ ရွှေ့ပြောင်းဒုံးပျံကာကွယ်ရေး ပစ်စင်တွေ ချထားရေးသာ ဖြစ်ပါတယ်။
ရုရှားကတော့ သူ့နယ်စပ်နားအရောက် ဥရောပမှာ အမေရိကန်တွေ ဒုံးပျံတွေ ချထားတာကို စိုးရိမ်လို့ အမြဲတန်း ကန့်ကွက်နေပါတယ်။

