စပိန် ၁ - ၀ ပေါ်တူဂီ

အိမ်နီးချင်းတွေလဲ ဖြစ် အသင်းကောင်းကြီးတွေလည်းဖြစ်တဲ့ ဒီနှစ်သင်း စောစောစီးစီး ဆုံလိုက်ရတဲ့ အတွက် တစ်သင်းသင်းကတော့ ကျန်ခဲ့ရမှာပါ။
လက်ရှိဦရောပ ချန်ပီယံ စပိန်က အပေးအယူ စိတ်စိတ် သွက်သွက်နဲ့ ပထမပိုင်းမှာ ပိုထိုးဖောက်နိုင်ပါတယ်။ ပေါ်တူဂီ ဂိုးသမားကို ထိထိရောက်ရောက် ဒုက္ခတော့ မပေးနိုင်ခဲ့ပါဘူး။
ပေါ်တူဂီဖက်ကလည်း ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ ထရိတ်မတ် ဖရီးကစ်တွေနဲ့ ဂိုးသွင်းဖို့ကျိုးစားပါတယ်။ ဒုတိယ အကြိမ်မှာ စပိန်ဂိုးသမား မမိပဲ ပြန်အံကျလို့ နောက်တန်းလူက ဝင်ဖျက်လိုက်ရပါတယ်။
နှစ်ဖက်စလုံး အပေးအယူ အကွက်ဖော်ပြီး ကစားသွားကြတာကြည့်ကောင်းပါတယ်။ ဒါပေမယ့် အပြီးသတ်တော့ ဂိုးမသွင်းနိုင်ကြပါဘူး။
ဒုတိယပိုင်း ၆၃ မိနစ်မှာ စပိန် ဂိုးရပါတယ်။ အလယ်တန်းက ရှာဗီ နောက်ပေါက်လေးနဲ့ ချပေးတဲ့ ဘောလုံးကို တိုက်စစ်မှုး ဒါဗစ် ဗီယာက ပြေးဝင်ကန်သွင်းပါတယ်။ ပေါ်တူဂီ ဂိုးသမား ကာကွယ်လိုက်လို့ ပြန် အံထွက်လာတဲ့ ဘောလုံးကို ဗီယာပဲ ပြန်ပိတ်ပြီး ဂိုးသွင်းလိုက်ပါတယ်။ စပိန်ရဲ့ အနိုင်ဂိုးလည်း ဖြစ်သလို ပွဲရဲ့ တစ်လုံးတည်းသော ဂိုးလဲ ဖြစ်ပါတယ်။
စပိန်ရဲ့ ဂိုးသွင်းစက်ကလေး ဗီယာ ကမ္ဘာ့ဖလားမှာ ၄ ဂိုးသွင်းထားပါပြီ။ ရွှေဖိနပ်ဆု မျှော်မှန်းနိုင်တဲ့ သူတွေထဲမှာ သူလဲ ပါပါတယ်။
စပိန် အခုဆို ကွာတားဖိုင်နယ် အဖြစ် ပါရာဂွေးနဲ့ တွေ့မှာပါ။ ဆီမီးအထိရောက်ဖို့ အခွင့်အလမ်းလည်း ရှိနေပြီ ဖြစ်ပါတယ်။
ပါရာဂွေး ၅ - ၃ ဂျပန်

ပါရာဂွေးတို့ အောင်ပွဲခံ
ဒီနှစ် ကမ္ဘာ့ဖလားမှာ ပထမဆုံး ပင်နယ်တီနဲ့ ဆုံးဖြတ်ရတဲ့ ပွဲပါ။
ပုံမှန် ကစားချိန် မိနစ် ၉၀ မှာရော အချိန်ပို မိနစ် ၃၀ မှာပါ နှစ်ဖက် စလုံး ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။
ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ ပါရာဂွေးက အသာစီးရခဲ့တယ်ဆိုပေမယ့် ဂျပန်ဖက်ကလဲ တိုင်ထိထွက်တာ အပါအဝင် ဂိုးသွင်းခွင့်တွေ ရခဲ့ပါတယ်။
နောက်ဆုံး ပင်နယ်တီ ကန်ကြတော့ သေသပ်တဲ့ ငြိမ်တဲ့ ဂိုးသွင်းသေချာတဲ့ ပါရာဂွေးက ၅ ဂိုးစလုံးဝင်လို့ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတာပါ။
အခုတော့ ကွာတားဖိုင်နယ်မှာ အာရှ ကိုယ်စားပြု အသင်း တက်မလာတော့ပါဘူး။
ဂျပန်အဖို့ သူအိမ်ရှင်လုပ်တဲ့ ၂၀၀၂ ခုနှစ်ကလွဲလို့ ကမ္ဘာ့ဖလားရှုံးထွက် အဆင့်ကို အရင်က တစ်ခါမှ တက်မလာဘူးတော့ ဒီနှစ်မှာ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။
ဒိန်းမတ်ကို ခြေစွမ်းပြ အနိုင်ယူခဲ့တဲ့ ဂျပန်ကို ကမ္ဘာ့ဘောလုံး လောကကလဲ အများကြီး လျှော့တွက်မှာ မဟုတ်တော့ပါဘူး။
ဒီနှစ် ကမ္ဘာ့ဖလားမှာ အခုဆို ဂါနာတစ်သင်းပဲ အာဖရိက ကို ကိုယ်စားပြုပြီးကျန်ခဲ့ပါတယ်။ ဒါတောင် ဂါနာ ဒီလောက်တက်လာတာ တော်လှပြီလို့ ပြောနေကြတော့ ဒီနှစ် ကမ္ဘာ့ဖလားကိုလဲ ထုံးစံအတိုင်း ဥရောပနဲ့ တောင်အမေရိက အသင်း တစ်သင်းသင်းပဲ ရသွားမှာပါလို့ ပြောရမလို ဖြစ်နေပြန်ပါပြီ။

