
အမေရိကန်မှာ လူဆယ်ယောက်ကို သူလျှို လုပ်မှုနဲ့ ဖမ်းဆီး
ရုရှားအစိုးရ အတွက် သူလျှို လုပ်မှုနဲ့ လူဆယ်ယောက်ကို အမေရိကန်မှာ ဖမ်းဆီး လိုက်ပါတယ်။
ဒီလူတွေဟာ အမေရိကန်မှာ နှစ်ပေါင်း များစွာကြာ ထဲထဲ ဝင်ဝင် သူလျှို လုပ်နေခဲ့တာ ဖြစ်တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန် အစိုးရက သူလျှိုတွေကို ဖော်ထုတ်ဖို့ ဆယ်စုနှစ်နဲ့ချီ စုံစမ်း စစ်ဆေးနေတာ ဖြစ်ပြီး အမေရိကန် လုံးလုံး ဖြစ်နေတဲ့ ရုရှားတွေ ပါဝင်ကြောင်း၊ ဒီလူတွေကနေ အမေရိကန်က မူဝါဒ ချမှတ်ရေးပိုင်းမှာ တာဝန် ရှိသူတွေထဲထိ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း ဆိုပါတယ်။
အထူးသဖြင့် အမေရိကန်ရဲ့ အာရှ အလယ်ပိုင်း ဒေသဆိုင်ရာ ပေါ်လစီတွေနဲ့ အိုဘားမားနဲ့ ရုရှား သမ္မတတို့ တွေ့တဲ့အခါ အိုဘားမားဆီက ပြောလာဖွယ် ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူလျှို လုပ်နေတာ ဖြစ်တယ်လို့ တရားရေး ဌာနက ပြောပါတယ်။
သူလျှိုအဖြစ် စွပ်စွဲထားသူတွေထဲက တချို့ဟာ ၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလတွေထဲက အမေရိကန်မှာ နေထိုင်နေတာ ဖြစ်ပြီး အင်တာနက်က တဆင့် နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာတွေ အသုံးပြုမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အေး တိုက်ပွဲ မရှိတော့လို့ တဘက်နဲ့ တဘက် သူလျှို လုပ်မှုတွေ မရှိဘူးလို့ ယူဆမယ်ဆိုရင် ဒီယူဆချက်ကို ပြန်စဉ်းစားဖို့ လိုလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက် Paul Adams ကမှတ်ချက် ပေးပါတယ်။
သေချာတာကတော့ စစ်အေး ကာလတုန်းက အဓိက ပြိုင်ဘက် နှစ်နိုင်ငံ ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ရုသျှကြားမှာ ဆက်ဆံရေး ပြန်နွေးလာတယ် ဆိုအုံးတော့ ဒီလို သူလျှို လုပ်တာတွေကတော့ ဆက်ရှိနေနိုင်ပါတယ်။
အမေရိကန်တွေကလည်း ရုသျှကို သူလျှို လုပ်နေနိုင်သလို ခုဆိုရင် အမေရိကန်တွေ အပြောအရ ရုသျှတွေက အမေရိကန်ကို သူလျှို လုပ်နေတာ တွေ့ရပါတယ်။
ခုသူလျှို ဇာတ်လမ်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုရှုပ်ထွေးသွားစေမှာ ဖြစ်ပေမယ့် ဒီလို ဇာတ်လမ်းတွေကို နှစ်နိုင်ငံက ခေါင်းဆောင်တွေ ကိုယ်တိုင်က အံ့အားသင့်မှာ မဟုတ်ဖူးလို့ ဘီဘီစီ သတင်းထောက် Paul Adams က သတင်း ပေးပို့ထားပါတယ်။

