
G20 ထိပ်သီး ဆွေးနွေးပွဲ ပြီးဆုံး
စီးပွားရေးစနစ်ကို အားလျော့ မသွားစေဘဲ ဘဏ္ဍာရေး လိုငွေကို လျှော့ချဖို့ G20 ကမ္ဘာ့ထိပ်သီး စီးပွားရေး နိုင်ငံ ခေါင်းဆောင်တွေက ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ သဘောတူလိုက်ကြပါတယ်။
G20 အဖွဲ့ထဲက အချမ်းသာဆုံး နိုင်ငံကြီးတွေ အနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေး လိုငွေကို ၃ နှစ် အတွင်း တဝက် လျှော့ချသင့်တယ်လို့ အိမ်ရှင် ကနေဒါ ဝန်ကြီးချုပ် Stephen Harper က ပြောပါတယ်။
ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ကတည်းက ဒီရည်မှန်းချက်ကို အဓိက G20 နိုင်ငံကြီးတိုင်းက လက်ခံထားခဲ့ကြကြောင်း သတင်းထောက်တွေက ပြောပါတယ်။
ဘဏ်တွေ အပေါ် စည်းကျပ်မှုတွေ တကမ္ဘာလုံး လုပ်ရေး အဆိုပြုချက်တွေ ကိုတော့ ပြန်ရုတ်သိမ်း လိုက်တယ်လို့ ဝန်ကြီးချုပ် Stephen Harper က ပြောပါတယ်။
အဲဒီအစား နိုင်ငံ တဦးချင်း အနေနဲ့ ကိုယ့်ဟာကိုယ် စီစဉ် ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရ ကြွေးမြီတွေကိုလည်း ၂၀၁၆ ခုနှစ် မတိုင်ခင် အနည်းဆုံး တည်ငြိမ်အောင် ထားရင်ထား ဒါမှမဟုတ် လျော့အောင် လုပ်သင့်တယ်လို့ ဝန်ကြီးချုပ် Stephen Harper က ပြောသွားပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ အမေရိကန် သမ္မတ အိုဘားမား က ဘဏ်တွေမှာ ပိုများတဲ့ မတည် ရင်းနှီးငွေ ထားရေး လိုအပ်မှုတွေ အပါအဝင် ပိုတင်းကျပ်တဲ့ စည်းမျဉ်း သတ်မှတ်မှုတွေ အကြောင်း နိုဝင်ဘာလကျရင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမဲ့ နောက် G20 ထိပ်သီး ဆွေးနွေးပွဲမှာ တင်ပြမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

