
ဥရောပကောင်စီ ဥက္ကဌ Herman van Rompuy နဲ့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး
လက်ရှိ ရင်ဆိုင်နေရတဲ့ ကြွေးမြီ ပြဿနာကို ကျော်လွှားနိုင်ဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဘဏ္ဍာရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ့် အစီအစဉ် ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။
ဥရောပ သမဂ္ဂအတွင်း နိုင်ငံတိုင်းရဲ့ ဘဂျက် အသုံးစရိတ် အစီအစဉ်တွေကို စီစစ်ခံရမယ် ဆိုတဲ့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ အဆိုပြုချက်ကို သက်ဆိုင်ရာ ဘဏ္ဍာရေး ဝန်ကြီးတွေ ထောက်ခံ ခဲ့ကြတယ်လို့ရဲ့ ဥရောပ ကောင်စီ ဥက္ကဌ Herman van Rompuy က ပြောပါတယ်။
ဒါ့အပြင် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးနဲ့ ဘဂျက် လိုငွေပြမှု အမြန်တိုးလာနေတဲ့ နိုင်ငံတွေ ၊ ကြွေးမြီ ပိနေတာကို သတိပေးရက်သားနဲ့ လျစ်လျူရှုထားတဲ့ နိုင်ငံတွေကို ပိတ်ဆို့ အရေးယူဖို့ ဆိုတဲ့ အချက်ကိုလည်း ဘဏ္ဍာရေးဝန်ကြီး တွေက ထောက်ခံ အားပေးခဲ့ကြ တယ်လို့ မစ္စတာ van Rompuy က ရှင်းပြခဲ့ ပါတယ်။
အဲဒီ ဘဏ္ဍာရေး ဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ လတုန်းက စီးပွားရေး အကျပ်အတည်း ကျရင် ကယ်တင်ဖို့ တစ်ထွီလီယံ ဒေါ်လာ ဘဏ္ဍာရေး ရံပုံငွေ စတင် ထူထောင်ဖို့ သဘောတူခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ဥရောပရဲ့ ဘုံငွေကြေးဖြစ်တဲ့ ယူရိုငွေ ခိုင်မာစေဖို့ အကာကွယ်ယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဂရိနိုင်ငံရဲ့ ကြွေးမြီ ပြဿနာ တခြားကို ကူးစက် မသွားစေဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ဂျာမဏီ နိုင်ငံမှာလည်း ကြွေးမြီဝန်ထုပ်ဝန်ပိုးကို လျော့ချဖို့ ရာစုနှစ်ဝက်ကျော်အတွင်း အကြီးမားဆုံး အစိုးရအသုံးစရိတ် ဖြတ်တောက်မှုတွေ လုပ်နေပါတယ်။
ဒီအစီအစဉ်အရ လာမယ့် လေးနှစ်အတွင်း ဒေါ်လာ ဘီလီယံ တရာနီးပါး ဖြတ်တောက်မှာ ဖြစ်ပြီး မိသားစု ထောက်ပံ့ကြေး အပါအဝင် လူမှု ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့ ပေးအပ်မှုတွေကို လျှော့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ထဲမှာ တပ်သား အရေအတွက် လျှော့ပစ်ပြီး ပြန်လည်ဖွဲ့စည်း တည်ဆောက်ရေး လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အာမခံကြေးတွေ တိုးမြှင့် ကောက်ခံမယ်လို့လည်း ဆိုပါတယ်။
နောက်ထပ် ဘဏ္ဍာရေး အကြပ်အတည်းတွေ မတွေ့ကြုံရအောင် ငွေကြေး အင်အား တောင့်တင်း ခိုင်မာမှု ရစေဖို့ အခုလို အသုံးစရိတ် ဖြတ်တောက် လျှော့ချမှုတွေ လုပ်ဆောင်ရမယ် ၊ ဂျာမဏီက တခြား ဥရောပတွေ ကြားမှာ စံနမူနာကောင်း အဖြစ် ပြသဖို့ လိုတယ်လို့ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ပြောပါတယ်။

