နောက်ဆုံး ရေးသားချိန် 7 ဇွန်လ 2010 - 16:11 GMT

မြောက်ကိုးရီးယားက ရန်စခံရတယ်လို့ပြော

ရေတပ်သင်္ဘောနစ်မြုပ်မှုမှာ မြောက်ကိုးရီးယား လက်ချက်လို့ စွပ်စွဲခံရ

တောင်ကိုးရီးယားစစ်သင်္ဘောနစ်မြုပ်ခဲ့မှုမှာ မြောက်ကိုးရီးယား လက်ချက်လို့ စွပ်စွဲခံရ ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကိစ္စ တင်ပြဆွေးနွေး တာဟာ သည်းမခံနိုင်စရာ ဖြစ်တယ်လို့ မြောက်ကိုးရီးယားက ပြောပါတယ်။

တောင်ကိုးရီးယားဘက်ကနေ ဒီကိစ္စမှာ လုံခြုံရေးကောင်စီက အရေးယူဖို့ တောင်းဆိုတာဟာ ပြင်းပြင်းထန်ထန် ရန်စတာဖြစ်ပြီး စစ်ရေးတင်းမာမှုကို ပိုပြင်းထန်လာစေတယ်လို့ မြောက်ကိုးရီးယားက ကြေငြာချက်ထုတ်ပြီး ပြောပါတယ်။

မြောက်ကိုးရီးယားပါလီမန်လွှတ်တော်ဖြစ်တဲ့ ဗဟိုပြည်သူ့လွှတ်တော်မှာ ဒီနေ့ပဲ ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံကျင်းပနေပါတယ်။

ကိုယ်စားလှယ် ၆၈၇ ဦးပါတဲ့ ဗဟိုပြည်သူ့ လွှတ်တော် ဆိုတာက ပုံမှန်ဆိုရင် တစ်နှစ်တစ်ခါ ကျင်းပနေကျ ဖြစ်ပေမယ့် အခုတော့ သုံးလအတွင်းမှာ ဒုတိယအကြိမ်ကျင်းပတာဟာ ထူးခြားပါတယ်။

ရာထူးအပြောင်းအလဲလုပ်

kim jong-il

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် တက်ရောက်ခဲ့တဲ့ ဗဟိုပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ထိပ်ပိုင်းနိုင်ငံရေး ရာထူးတွေ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ရာထူးတွေ ပြောင်းလဲခန့်အပ်မှုထဲမှာ အထင်ရှားဆုံး တစ်ခုကတော့ ကင်မ်ဂျုံအီးလ်ရဲ့ ယောက်ဖတော်စပ်သူ ဂျန်ဆောင်တက်က နိုင်ငံရဲ့အာဏာပိုင် အဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဖြစ်လာတာပါ။

အသက်ကြီးလာပြီး ကျန်းမာရေးလည်း မကောင်းဖြစ်နေတဲ့ ကင်မ်ဂျုံအီးလ်ရဲ့ အရိုက်အရာကိုဆက်ခံဖို့ တတိယသားကို လျာထားပြီးဖြစ်ရာမှာ ဒီရာထူး ဆက်ခံရေးလုပ်ငန်းစဉ်မှာ ဂျန်ဆောင်တက်က တာဝန်ယူဆောင်ရွက်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နောက်ထူးခြားတဲ့ ရာထူးအပြောင်းအလဲ တစ်ခုကတော့ မြောက်ကိုရီးယား ဝန်ကြီးချုပ် ကင်မ်ယုံအီးလ်ကို ဖြုတ်လိုက်ပြီး ပါတီကထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ချုံယောင်လင်းမ်က ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။