နောက်ဆုံး ရေးသားချိန် 7 ဇွန်လ 2010 - 17:45 GMT

နယ်ခြားစောင့်တပ်ဖွဲ့ရေး ဒီကေဘီအေကို ရာဇသံပေး

ဒီကေဘီအေ တပ်စခန်းတခု

ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အဖွဲ့ (DKBA) တပ်မဟာ ( ၅ )ကို သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံမခံ အကြောင်းပြန်ရမယ်လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ စနေနေ့က ပြောခဲ့ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက် ကျိုက်ဒုံမြို့နယ်ခွဲမှာ အခြေစိုက်တဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၈ ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် သန်းစိုးက ဒီကေဘီအေ တပ်မဟာ ( ၅ ) တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးကြီး စောလာပွယ်ကို မြန်မာစစ်တပ်ရဲ့ ဗျူဟာ ၂ အခြေစိုက်တဲ့ ထီးစလယ်စခန်းမှာ ခေါ်ယူ တွေ့ဆုံပြီး သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ရေး အဖြေပေးရမယ်၊ နယ်ခြားစောင့်တပ်အသွင်မပြောင်းရင် လက်နက်ချရမယ်၊ လက်နက်မချရင် တိုက်မယ်ဆိုပြီး စနေနေ့က ရာဇသံပေးခဲ့တယ်လို့ ထိုင်းနယ်စပ်လုံခြုံရေး အရာရှိက ပြန်ပြောပြပါတယ်။

ဗိုလ်မှူးကြီး စောလပွယ်က လက်အောက်က အရာရှိတွေ တပ်သားတွေနဲ့ ဆွေးနွေးအုံးမယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောလပွယ်ရဲ့တပ်ကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာပြောဆိုဖို့ ငြင်းခဲ့ပါတယ်။

ဗိုလ်မှူးကြီး စောလပွယ်ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသူလို့ သတင်းထွက်နေပြီး နအဖက မြဝတီမြို့မှာ တွေ့ဆုံဖို့ ပြီးခဲ့တဲ့လပိုင်းက ချိန်းဆိုခဲ့ရာမှာ သွားမတွေ့ဘဲ ရှောင်တိမ်းနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနအဖတပ်မှူး ဗိုလ်မှူးချုပ် သန်းစိုး ဒီကေဘီအေ ဗိုလ်မှူးကြီး စောလပွယ်နဲ့ တွေ့ဆုံနေတဲ့ အချိန်မှာဘဲ နအဖတပ်တွေကို ဒီကေဘီအေတပ်မဟာ ( ၅) အခြေစိုက်တဲ့ ဝေါ်လေစခန်းဘက်ကို မြဝတီကတပ်ရင်း ၂ရင်းနဲ့ ကြာအင်းဆိပ်ကြီးက တပ်ရင်း ၃ ရင်း စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း ဒီကေဘီအေကို နယ်ခြားစောင့်တပ်ဖွဲ့ရေးနဲ့ ပတ်သက်လို့ အကြောင်းပြန်ဖို့ နောက်ဆုံးရက် တကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။