
ကယ်ဆယ်ရေး သင်္ဘောပေါ် အစ္စရေးတို့ ဝင်ရောက် စီးနင်းစဉ်
ြီးခဲ့တဲ့ သီတင်းပတ်က ဂါဇာဒေသအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းကို အစ္စရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်း ခဲ့စဉ် တုန်းက အစ္စရေး တပ်ဖွဲ့ဝင်တွေနဲ့ ပါလက်စတိုင်း ထောက်ခံသူ လှုပ်ရှား တက်ကြွသူတွေအကြား ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ နောက်ထပ် ဖေါ်ပြထားတဲ့ ဓါတ်ပုံ အသစ်တွေကို တူရကီနိုင်ငံမှာ ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။
အခင်းဖြစ်ပွားစဉ်အတွင်း လှုပ်ရှား တက်ကြွသူ ၉ဦး သေဆုံးခဲ့ပြီး ဒီကိစ္စကြောင့် နိုင်ငံတကာ ကြားမှာ အုတ်အော် သောင်းနင်း ဖြစ်သွားခဲ့ရပါတယ်။
အဲဒီ ပုံအသစ်တွေထဲမှာ ဒဏ်ရာရထားတဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေကို လှုပ်ရှား တက်ကြွ သူတွေ ဝိုင်းရံထားတာကို တွေ့ရပါတယ်။
အဲဒီပုံတွေထဲမှာ တကယ်တမ်း အကြမ်းဖက် တိုက်ခိုက်မှုမျိုး တစုံတရာ မတွေ့ရပေမဲ့ ပုံအတော် များများမှာတော့ သင်္ဘော ကုန်းပတ်ပေါ်မှာ သွေးတွေ အိုင်နေတာကို ဖေါ်ပြနေပါတယ်။
အစ္စရေး တပ်ဖွဲ့ဝင်တွေဟာ အတိုက်ခိုက်ခံခဲ့ရ အပြီးမှာမှ လှုပ်ရှားတက်ကြွသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ အစ္စရေး အစိုးရဖက်က ပြောနေပြီး ကယ်ဆယ်ရေး သင်္ဘောတန်းကြီးကို ဦးဆောင် စီစဉ်ခဲ့သူတွေကတော့ ဒါဟာ မဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုနေကြပါတယ်။
ဒီအတောအတွင်းမှာပဲ ဒီဖြစ်ရပ်အပေါ် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို အစ္စရေးက ပယ်ချလိုက်ပါတယ်။
အစ္စရေးနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်တဲ့အတွက် ကိုယ်တိုင် စုံစမ်း စစ်ဆေးနိုင်ခွင့်နဲ့ အရည်အချင်း ရှိတယ်လို့ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး က ပြောပါတယ်။
တခါ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner ကတော့ ဂါဇာဒေသကို လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ အသေအချာ ရောက်ရှိ သွားရေးနဲ့ အဲဒီလို ပို့ဆောင်ရာမှာ လက်နက်တွေ မပါရေး စတာတွေကို ဆောင်ရွက်ရာမှာ EU ဥရောပ သမဂ္ဂ အနေနဲ့ ပို ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှား နိုင်ဖွယ် ရှိကြောင်း ပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသကို ပိတ်ဆို့ထားမှုဟာ အလုပ် မဖြစ်ကြောင်းနဲ့ ဒေသတွင်း အကျိုးစီးပွား အတွက်လည်း အလုပ် မဖြစ်ကြောင်းကို အစ္စရေးတို့ နားလည် လက်ခံလာအောင် ဥရောပ သမဂ္ဂ အနေနဲ့ ထပ်ကြိုးစား လုပ်ဆောင်ရမယ်လို့ သူက ပြောသွားပါတယ်။

