
တနေ့ကို ရေနံစည် ၁ သောင်း ပင်လယ်ထဲ မဖိတ်အောင် ရယူနိုင်ပြီလို့ ဘီပီကပြော
မက္ကဆီကိုပင်လယ်ကွေ့ ရေအောက် ရေနံ ယိုဖိတ်နေတာတွေ လျော့နည်းအောင်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နေတာကို ပြန်ကောင်းလာအောင် ဘီပီရေနံကုမ္ပဏီ အနေနဲ့ ဘယ်လောက် လုပ်ဆောင်နိုင်သလဲ ဆိုတာ ကုမ္ပဏီဥက္ကဌဖြစ်သူ တိုနီဟေးဝပ်က သူတို့ရဲ့ မျှော်လင့်ချက် အပြည့်ရှိတဲ့ အကဲဖြတ်ချက်ကို ထုတ်ဖေါ်လိုက်ပါတယ်။
အခုဆိုရင် ယိုထွက်နေတဲ့ ရေနံပိုက်ကို အဖုံး အုပ်ပြီး တနေ့ကို ရေနံစည်ပေါင်း ၁ သောင်း ပင်လယ်ထဲ မဖိတ်တော့အောင် ရယူနိုင်ပြီလို့ မစ္စတာဟေးဝပ်က ဘီဘီစီကိုပြောပါတယ်။
ရှေ့အပတ်ထဲနောက်ထပ် တပ်ဆင်မယ့် နည်းစနစ်နဲ့ဆိုရင် ပိုက်ကနေ ယိုထွက်နေတဲ့ ရေနံ အများစုကို ရယူနိုင်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ရေနံတွေ သန့်စင်သွားအောင်နဲ့ အဲဒီပင်လယ်ကွေ့မှာ အရင်ကလို သဘာဝ အခြေအနေမျိုး ပြန်ဖြစ်လာအောင် လုပ်ဆောင်မယ်လို့ မစ္စတာဟေးဝပ်က ခိုင်ခိုင်မာမာ ကတိပြု ပြောကြား သွားပါတယ်။
အမေရိကန်ပြည်သူတွေ အမျက်ထွက်နေတာကို နားလည်ပေးနိုင်ကြောင်း၊ ဒါပေမယ့်လို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အခုထက်ထိ လျော်ကြေးပေးခဲ့ပြီ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီရေနံယိုဖိတ်မှုကို ဖြေရှင်းဖို့ တာဝန်ယူထားတဲ့ အမေရိကန်အစိုးရ အရာရှိကတော့ ရေထဲမှာ ရေနံတွေရှိနေသ၍ ဘယ်သူ့ကိုမှ အလျှော့မပေးသင့်ဘူးလို့ ပြောပါတယ်။

