
အသုဘအခမ်းအနားကို ပရိသတ်သောင်းချီ တက်ရောက်ခဲ့ကြတယ်
ဂါဇာကမ်းမြောင်ကို ကူညီဖို့လာတဲ့ ဖလော်တီလာ သင်္ဘောအုပ်ကို အစ္စရေး ကွန်မန်ဒိုတွေက စီးနင်း တိုက်ခိုက် သတ်ဖြတ်တာမှာ သေဆုံးသွားတဲ့ တူရကီ နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အသုဘ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ ပါတယ်။ အစ္စတန်ဘူလ်က ဖတစ် ဗလီကြီးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ခေါင်းတလား တွေကို ပါလက်စတိုင်း အလံတွေနဲ့ အုပ်ဖုံးထား တာကို တွေ့ရပါတယ်။ အသုဘ အခမ်းအနားကို လူထောင် သောင်းချီတက် ရောက်ခဲ့ပြီး သေဆုံးသူ တွေထဲမှာ ၈ ယောက်က တူရကီ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဖလော်တီလာ သင်္ဘောအုပ်ကို ဦးဆောင်ခဲ့တဲ့ ဘူးလန့် ရီလ်ဒရင်းက အစ္စရေး ဘက်က ပို့ပေးတဲ့ သေဆုံးသူက ၉ ဦးပဲရှိပြီး ပျောက်ဆုံးနေ သူတွေလဲ ရှိတယ် လို့ ပြောပါတယ်။
ကျွန်တော်တို့ ကုသပေးနေတဲ့ ဒဏ်ရာရ သူတွေထဲမှာ ဒဏ်ရာတွေက ရင်ဘတ် နဲ့ ဝမ်းဗိုက်မှာ များပါတယ်။ လက်မောင်းနဲ့ ခြေထောက် တွေမှာလည်း ဖူးယောင်နေတာ တွေ့ပါတယ်။ ကျည်ဆန် အစစ်နဲ့ကော ပလတ်စတစ် ကျည်တွေနဲ့ပါ ပစ်ခတ်ခံထားရပုံ ရတဲ့ဒဏ်ရာ တွေလည်း တွေ့ပါတယ်လို့ တူရကီမြို့တော် အန်ကာရာမှာ ဒဏ်ရာရ သူတွေကို ကုသ ပေးနေတဲ့ ဆေးမှူးချုပ် ဒေါက်တာ မီတင် ဒေါ်ဂန် က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေး တို့က သုံးနှစ်ကြာ ပိတ်ထားတဲ့ ပါလက်စတိုင်း နယ်ထဲက ဂါဇာကမ်းမြောင်ကို နောက်ထပ် သင်္ဘောတစ်စင်း ထပ်သွား နေပါတယ်။ Rachel Corrie လို့ ခေါ်တဲ့ သင်္ဘောမှာ လူ ၁၁ ယောက် ပါဝင်ပြီး လာမဲ့ စနေ သို့မဟုတ် တနင်္ဂနွေနေ့မှာ ဂါဇာကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင် ရေပိုင်နက်ကို ထိန်းချုပ်ထားတဲ့ အစ္စရေးကတော့ ဂါဇာကို ဖြတ်လာမယ့် ဖလော်တီလာ သင်္ဘောအုပ်က ဘယ်သင်္ဘောကို မဆို ဖြတ်သန်းခွင့် မပြုဘူးလို့ ဆိုပါတယ်။
သင်္ဘောနဲ့ သယ်ယူလာမဲ့ ပစ္စည်းတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားမှု အုပ်စုတစ်ခု ဖြစ်တဲ့ ဟာမက်စ် အုပ်စုရဲ့ စစ်ရေး အသုံးချမှုအတွက် ဖြစ်သွားမှာကို စိုးရိမ်မှု ရှိတယ်လို့ အစ္စရေးက ပြောပါတယ်။

