
ဂါဇာ ပိတ်ဆို့မှုဟာ မှားတယ်လို့ ဘန်ကီမွန်း ပြော
ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးတို့ ပိတ်ဆို့ထားတာကို ချက်ချင်း ရုတ်သိမ်း ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဂါဇာ ကမ်းမြောင် ဒေသ မှာ ရှိတဲ့ ပါလက်စတိုင်း လူမျိုးတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ သယ်ဆောင် သွားဖို့ ကြိုးစားခဲ့တဲ့ သင်္ဘော တန်းကြီးတခုကို အစ္စရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်းခဲ့တဲ့ အတွက် လူအများအပြား သေဆုံးခဲ့ရအပြီးမှာ မစ္စတာ ဘန်ကီမွန်းက အခုလို တုံ့ပြန်လိုက်တာပါ။
ဂါဇာ ကမ်းမြောင်ဒေသကို အခုလို ကာလတာရှည် ပိတ်ဆို့ထားတဲ့အတွက် တန်ပြန် ဆိုးကျိုး ကို ဖြစ်စေပြီး မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ဂါဇာ ကမ်းမြောင်ဒေသ ပိတ်ဆို့ထားမှု ရုတ်သိမ်းရေးအတွက် ကုလသမဂ္ဂ အနေနဲ့ အသေအချာ ဆောင်ရွက်ပေးဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ကလည်း အီဂျစ်နိုင်ငံမှာ ဆွေးနွေးပွဲတခု ကျင်းပ အပြီးမှာ ပြောကြားလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကယ်ဆယ်ရေး သင်္ဘောတန်းကြီးကို အစ္စရေး တပ်ဖွဲ့ဝင်တွေ ဝင်စီးနင်းခဲ့တဲ့ ကိစ္စအပေါ် စုံစမ်း စစ်ဆေးမှုတခု လုပ်ရေး စည်းမျဉ်း အချက်အလက်တွေနဲ့ ပတ်သက်လို့ သဘောတူချက်တခု ရဖို့ မစ္စတာ ဘန်ကီမွန်း အနေနဲ့ အပြင်းအထန် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ဒီကိစ္စအပေါ် ဘက်မလိုက်ပဲ အများ ယုံကြည် စိတ်ချရလောက်တဲ့ စုံစမ်းစစ်ဆေးမှု တခု လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က တောင်းဆိုထားပါတယ်။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေး နိုင်ငံတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု မှန်သမျှကို အစ္စရေး ကသာ ဦးဆောင် လုပ်သင့်တယ်လို့ ပြောနေပါတယ်။
အစောပိုင်းကလည်း အစ္စရေး ဝန်ကြီးချုပ် ဘန်ညာမင် နက်တာညာဟု က ဂါဇာဒေသမှာ ပိတ်ဆို့မှုတွေ ဆက်ထားထားမယ်လို့ အခိုင်အမာ ပြောသွားပါတယ်။

