နောက်ဆုံး ရေးသားချိန် 2 ဇွန်လ 2010 - 00:58 GMT

ဘီပီကုမ္ပဏီကို ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမယ်

အမေရိကန် ရှေ့နေချုပ် Eric Holder

ပြီးခဲ့တဲ့ ဧပြီလတုန်းက မက္ကဆီကို ပင်လယ်ကွေ့မှာ ဘီပီကုမ္ပဏီရဲ့ ရေနံတူးစင် ပေါက်ကွဲခဲ့မှုကြောင့် ရေနံတွေ အကြီးအကျယ် ယိုစိမ့်နေတာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

ဒီကိစ္စမှာ တစုံတယောက်က ဥပဒေ ချိုးဖောက်ခဲ့ရင် တရားစွဲဆို ခံရမယ်လို့ ရှေ့နေချုပ် အဲရစ်ဟိုးလ်ဒါးက ဆိုပါတယ်။

ဥပဒေကြောင်းအရ စုံစမ်း စစ်ဆေးမှုတွေ စတင် ဆောင်ရွက်တော့မှာ ဖြစ်ပြီး အမေရိကန်ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေဟာ အလွန် သိသာ ထင်ရှားပြီး ဒါကို ချမှတ်လိုက်နာ ကျင့်သုံးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိ ပါတယ်လို့ မစ္စတာ အဲရစ်ခ် ဟိုးလ်ဒါးက ပြောပါတယ်။

ရေနံတူးဖော်မှု လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက် နေကြသလဲနဲ့ အဲဒီ ဆောင်ရွက်မှု အပေါ် အစိုးရ ဌာနတွေက ဘယ်လို ကြီးကြပ်ကွပ်ကဲ နေကြသလဲ ဆိုတာကို ပြည့်ပြည့်စုံစုံ လေ့လာဖို့ အချိန်ရောက်နေပြီလို့ သမ္မတ အိုဘားမားက အစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိ အခြေနေမှာ ဘီပီကုမ္ပဏီက ရေနံတွေ ဂါလံပေါင်း များစွာ ယိုစိမ့်ထွက် နေမှုကို အဆုံးသတ် သွားစေဖို့ ကြိုးစားရာမှာ စိမ့်ထွက်နေတဲ့ အပေါက်ကို အဖုံးအုပ်ကာ ပိတ်ပစ်ဖို့ အသစ်ကြိုးပမ်းမှုတရပ် စတင်လုပ်ဆောင်နေပါတယ်။

အရင် ကြိုးစားချက်တွေ အားလုံးအောင်မြင်မှု မရခဲ့ပေမယ့် ဘီပီအရာရှိ တယောက်ကတော့ အခု ဆောင်ရွက်ချက်ကို သတိကြီးစွာနဲ့ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။