နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2010 - 17:22 GMT

အစ္စရေးရဲ့ သင်္ဘောတိုက်ခိုက်မှု ကုလစုံစမ်းမယ်

အစ္စရေးကွန်မန်ဒိုတွေက ပါလက်စတိုင်းဂါဇာဒေသကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဖို့ သွားနေတဲ့ သင်္ဘောတန်းကို ဝင်စီး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ နေတိုး စစ်ဌာနချုပ်မှာ ဒီကိစ္စကို အရေးပေါ် အစည်းအဝေး ပြုလုပ်နေပါတယ်။ အစ္စရေးတွေ ဝင်စီးခဲ့တဲ့ ထိပ်ဆုံးက သင်္ဘောဟာ တူရကီက ဖြစ်တဲ့ အတွက် နေတိုးအဖွဲ့ဝင် တူရကီရဲ့ တောင်းဆိုချက်နဲ့ အခု အစည်းအဝေးကို လုပ်နေတာပါ။

Israel protests

အစ္စရေးကို ဆန့်ကျင်မှုတွေလည်း အများကြီး ဖြစ်နေ

နေတိုး အတွင်းရေးမှုးချုပ် Anders Fogh Rasmussen ကတော့ အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း အရေး တက်ကြွလှုပ်ရှားသူ အနဲဆုံး ဆယ်ယောက် အသက်ဆုံးခဲ့ရတဲ့ အတွက် အများကြီး စိုးရိမ်မိတယ်လို့ ပြောပါတယ်။

သေဆုံးသူ တချို့က တူရကီနိုင်ငံသားတွေ ဖြစ်ပါတယ်။ တူရကီ ဝန်ကြီးချုပ် ရာဂျက် တာရစ် အာဒိုဝမ်က ဒီတိုက်ခိုက်မှုဟာ အကြီးအကျယ် လူသတ်မှုကြီးပဲလို့ ပြောလိုက်ပြီး တန်ပြန် အရေးယူအပစ်ပေးရမယ်လို့လဲ ဆိုပါတယ်။

အစ္စရေးတွေက သင်္ဘောတွေ ကို အစ္စရေး ရဲ့ အက်ရှ်ဒေါ့ ဆိပ်ကမ်းကို ခေါ်သွားပြီး သင်္ဘောပေါ်လာတဲ့ ပါလက်စတိုင်းလိုလားသူ ၆၀၀ လောက်ကိုလဲ ထိန်းသိမ်းထားပါတယ်။ ဒီတက်ကြွလှုပ်ရှားသူတွေကတော့ အစ္စရေးတို့စွပ်စွဲထားသလို သူတို့ထဲက တချို့က လက်နက်တွေ ကိုင်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

အမေရိကန် သံတမန်ဟောင်းတယောက်အပါအဝင် တက်ကြွလှုပ်ရှားသူ တချို့ကိုတော့ အစ္စရေးက ပြန်နှင်လွှတ်ပြီးပါပြီ။

အခု သင်္ဘောတန်းကို စီစဉ်စေလွှတ်ခဲ့တဲ့ ဖရီးဂါဇာလှုပ်ရှားမှု အဖွဲ့ကတော့ အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကို စိမ်ခေါ်တဲ့ အနေနဲ့ နောက်ထပ် သင်္ဘောတန်းတွေကို ဆက်လွှတ်ဦးမယ်လို့ ပြောပါတယ်။

UN Security Council

လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးကြ

ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်၊ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ မက္ကဆီကို သံအမတ်ကြီး ကလောက်ဒ်ဟယ်လာက လူအနဲဆုံးဆယ်ယောက်သေဆုံးပြီး အများကြီး ဒဏ်ရာရခဲ့တဲ့အပေါ် ရှုတ်ချတယ်၊ အစ္စရေးက ဖမ်းထားသူတွေကို ပြန်လွှတ်ဖို့လည်း တောင်းဆိုတယ်။ လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်သွားဖို့လိုပါတယ်လို့ ပြောပါတယ်။

အာရပ်အဖွဲ့ချုပ်ကတော့ ဒီကနေ့ အရေးပေါ်အစည်းအဝေးတခု ခေါ်ထားပါတယ်။ အစ္စရေးရဲ့ လုပ်ရပ် ဟာ သူတို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူးဆိုတာ ပြနေတာပဲလို့လဲ အာရပ်အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။

တခါဒီကနေ့မှာပဲ အီဂျစ်သမ္မတ ဟော့စနီ မူဘာရက်က အီဂျစ်နဲ့ ပါလက်စတိုင်းဒေသ ဂါဇာအကြားက နယ်စပ်ဂိတ်ကို ဖွင့်ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါဟာ ပါလက်စတိုင်း ဒေသဖက်ကို လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးပို့သွားနိုင်အောင်လို့လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။