နောက်ဆုံး ရေးသားချိန် 7 မေလ 2010 - 01:39 GMT

အစောပိုင်း ရလဒ်တွေအရ ကွန်ဆာဗေးတစ် နိုင်နေ

uk election

ရွေးကောက်ပွဲအတွက် မဲပေးသူ အများအပြား ရှိ

ဗြိတိန်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကြီး အတွက် ဆန္ဒမဲပေးမှုတွေ ပြီးဆုံးသွားပါပြီ။

ရွေးကောက်ပွဲ ပထမ မဲရလဒ်တွေကို ထုတ်ဖေါ် ကြေညာခဲ့ရာမှာ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီက လေဘာပါတီရဲ့ အမတ်နေရာ ၂ နေရာ ကို လောလောဆယ် ရထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ မဲပေးပြီး ထွက်လာသူတွေကို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရတော့ ကွန်ဆာဗေးတစ် ပါတီအနေနဲ့ သူတို့ တပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့ အုပ်ချုပ် နိုင်အောင် လိုအပ်တဲ့ အမတ်နေရာအများစုတော့ မရဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် အကြို စစ်တမ်း ကောက်ယူမှုတွေမှာ ထောက်ခံမှု သိသိသာသာ ရလာခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကတော့ မှန်းသလောက် အမတ်နေရာ မရတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီရလဒ်တွေဟာ မှန်းချေသာ ရှိသေးပြီး လေဘာနဲ့ ကွန်ဆာဗေးတစ် တို့ရဲ့ အမတ်နေရာ ရမှု အနေအထားဟာ အတော့်ကို ကပ်နိုင်တယ်လို့ လေ့လာသူတွေက ပြော နေပါတယ်။

တခါ နိုင်ငံတဝှမ်းမှာ မဲရုံ ပိတ်တဲ့ အချိန် ည ၁၀ နာရီ အထိ မဲပေးဖို့ လူတွေ တန်းစီ စောင့်ဆိုင်းနေခဲ့ကြပြီး မဲရုံ ပိတ်သွားတဲ့အတွက် မဲမပေးရသူတွေ ရှိခဲ့တယ်လို့ သိရပါ တယ်။

နိုင်ငံ မြောက်ပိုင်း Sheffield မြို့မှာဆိုရင် မဲမပေးရလို့ မကျေမနပ် ဖြစ်နေကြသူတွေကို ထိန်းဖို့ ရဲတွေ ခေါ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

လန်ဒန်မြို့မှာလည်း မဲရုံ ပိတ်သွားအပြီး မဲပေးဖို့ ဆက်တန်းစီနေကြသူတွေကို ရဲတွေနဲ့ လူစု ခွဲခဲ့ရပါတယ်။

လန်ဒန်မြို့ အရှေ့ပိုင်းက မဲရုံတခုမှာတော့ မဲမပေးရလို့ မကျေမနပ် ဖြစ်နေသူ မဲဆန္ဒရှင်တွေ ထိုင်သပိတ် မှောက်ခဲ့ကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။