
ထိုင်းလုံခြုံရေးတွေနဲ့ ရှပ်နီဆန္ဒပြသူများ
စနေ နေ့က ဘန်ကောက်မြို့မှာ အစိုးရ တပ်ဖွဲ့ဝင်တွေ နဲ့ ရှပ်နီ ဆန္ဒပြသူ တွေ ထိပ်တိုက် အကြမ်းဖက်မှု ကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးပြီး၊ ၈၀၀ ကျော် ဒဏ်ရာရမှု ဟာ၊ ထိုင်းနိုင်ငံရေးသမိုင်းမှာ နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
အဆိုပါ တင်းမာမှု အရှိန် ကို ပြေလည်အောင် နည်းလမ်းရှာဖွေလို့ ရမရ၊ Oxford မြို့နေ ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ Ji Ungpakorn ကို မေးကြည့်ရာမှာ ၀န်ကြီးချုပ်အဖိစစ် ရာထူးမှ နှုတ်ထွက်မှာသာ ပြဿနာ အေးငြိမ်းမဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
ဝန်ကြီးချုပ်ဖက်ကလည်း ရာထူးက မဆင်းပေးဘူး လို့ အတိအလင်း ပြောထားကြောင်း ရှင်းပြတော့၊ အဖိစစ်ဟာ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိသလို၊ မူလကတည်းက တရားဝင် တက်လာတဲ့ အစိုးရ ခေါင်းဆောင် မဟုတ်တဲ့ အတွက် ဝန်ကြီးချုပ်သက်တမ်း ကြာရှည်ခံမှာ မဟုတ်ဖူး လို့ Ji Ungpakorn ပြောပါတယ်။
ရှပ်နီတွေရဲ့ တောင်းဆို လှုပ်ရှားမှု ကြောင့် အကြမ်းဖက်မှု တွေ ဆက်လက်ဖြစ်ပွား နေရင်၊ ထိုင်းနိုင်ငံ ရဲ့ တည်ငြိမ်မှု ကို ထိခိုက်မှု ရှိမရှိ မေးကြည့် ရာမှာ တော့၊ Ji Ungpakorn က၊ အစိုးရ ကသာလျှင်၊ အာဏာတည်မြဲရေး အတွက် နှိပ်ကွပ်ဖို့ ဝန်မလေးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

