နောက်ဆုံး ရေးသားချိန် 8 ဧပြီလ 2010 - 00:42 GMT

သီရိလင်္ကာ လွှတ်တော် ရွေးကောက်ပွဲ ဒီနေ့စ

Rajapakshe

လွှတ်တော် ရွေးကောက်ပွဲမှာ သမ္မတ ရာဇ ပတ်သနဲ့ ဆွေမျိုးတွေ ရှေ့က ပြေးနေ

သီရိ လင်္ကာမှာ သမ္မတ ရာဇ ပတ်သကို သမ္မတ အဖြစ် ပြန်ရွေးပြီး နှစ်လအကြာမှာ လွှတ်တော်သစ် အတွက် ရွေးကောက်ပွဲ တွေကို ဒီကနေ့ စကျင်းပပါတယ်။

သမ္မတ ရာဇ ပတ်သဟာ သမ္မတ အဖြစ် ပြန်အရွေး ခံရပြီးနောက် အဓိက ပြိုင်ဘက် ဆာရတ် ဖွန်ဆက်ကကို ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပါတယ်။

လောလောဆယ် အတိုက် အခံတွေကြားမှာ ကွဲပြဲနေပြီး တယောက် တသံ ထွက်နေပါတယ်။

သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တုံးက နေရာ အနှံ့ အကြမ်း ဖက်မှုတွေ ရှိခဲ့သလို ခုတခေါက် လွှတ်တော် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုတွေ မှာလည်း အကြမ်းဖက်မှုတွေ တွေ့ခဲ့ရသလို ရွေးကောက်ပွဲ ဥပဒေ တွေကို ချိုးဖောက်မှုတွေလည်း အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။

အတိုက်အခံတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် လောလောဆယ် အဖမ်းခံထားရတဲ့ ကြဉ်းတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဖွန်ဆက်က အချုပ်ထဲကနေ မဟာမိတ် အဖွဲ့သစ် ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်မှာ ဖြစ်ပါတယ်။

တချိန်တုံးက သူ့ကို ဖမ်းချုပ်ထားတုံးက အတိုက်အခံတွေက ကျယ်ကျယ် လောင်လောင် ကန့်ကွက် ပြောဆို ခဲ့ကြပေမဲ့ ခုချိန်မှာ ဒီကန့်ကွက် ပြောဆိုမှုတွေဟာ အနည်း အကျဉ်းပဲ ရှိတာ တွေ့ရပါတယ်။

လောလောဆယ်မှာ အကြီးဆုံး အတိုက်အခံ ပါတီက ဗိုလ်ချုပ်ကြီး ဖွန်ဆက်ကနဲ့ အဆက်ဖြတ် လိုက်သလို သူ့ကို ဇန်နဝါရီ လတုံးက ထောက်ခံခဲ့တဲ့ တမီး မဟာမိတ် အဖွဲ့ကလည်း တမီးတွေ အားကောင်းတဲ့ နိုင်ငံ မြောက်ဘက်နဲ့ အနောက်ဘက်မှာ သူတို့ဘာသာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အတိုက်အခံတွေဘက်က ခုလို စုစု စည်းစည်း မရှိချိန်မှာ သမ္မတ ရာဇပတ်သကတော့ လူတွေကြားထဲမှာ ရေပန်းစား နေဆဲပါ။

အထူးသဖြင့် သူဟာ တမီး ကျားသူပုန်တွေကို မနှစ်က အပြီးတိုင် နှိမ်နင်း ပစ်နိုင်ခဲ့တဲ့ အချက်က လူကြိုက်များစရာ ဖြစ်နေ ခဲ့ပါတယ်။

ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ စီမံကိန်းကြီးတွေကနေ အတိုက်အခံတွေနဲ့ ပြန်လည် ရင်ကြား စေ့သွားမယ်လို့ သူက ပြောပေမဲ့ လူနည်းစု ဖြစ်တဲ့ အဖွဲ့တွေနဲ့ အဓိပ္ပါယ် ရှိရှိ ဆက်ဆံတာမျိုး မရှိဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။

ခုရွေးကောက်ပွဲမှာ သူ့ပါတီက မဲအများဆုံး ရနိုင်ပေမဲ့ သူတို့ လိုချင်တဲ့ စုစုပေါင်း အမတ် နေရာ သုံးပုံ နှစ်ပုံထိ ရဖို့ကတော့ မလွယ်ပါဘူး။

ရခဲ့မယ် ဆိုရင်တော့ သူတို့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြောင်းလဲ နိုင်မှာပါ။

အဲ့ဒိအခါမှာ လူနည်းစု ဖြစ်တဲ့ အဖွဲ့တွေကို ကိုယ်စားပြုဖို့ နောက်ထပ် လွှတ်တော် တခု ထပ်ဖွဲ့မယ်လို့ ရာဇ ပတ်သက ပြောပါတယ်။

ဒါပေမဲ့ တမီး နိုင်ငံရေး အုပ်စုတွေ လိုလားတဲ့ ဖယ်ဒရယ် စံနစ်ကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဒါ့အပြင် သမ္မတ သက်တမ်းကို နှစ်ကြိမ်ထက် ပိုမယူရဆိုတဲ့ အချက်ကိုလည်း ပြင်ဆင် ပြောင်းလဲဖွယ် ရှိတယ်လို့ အတော် များများက ဟောကိန်း ထုတ်နေကြောင်း ဘီဘီစီ သတင်းထောက် ချား(စ) ဟာဗီလင်းက ကိုလံဘို မြို့တော်ကနေ သတင်း ပေးပို့ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။