နောက်ဆုံး ရေးသားချိန် 7 ဧပြီလ 2010 - 00:40 GMT

ဘရာဇီး ရေလွှမ်းမိုးမှု ကိုးဆယ်ကျော်သေ

Rio flooding

ဘရာဇီး ရေကြီးမှုမှာ လူတရာ ဝန်းကျင် သေဆုံး ခဲ့ပါတယ်။

ဘရာဇီး နိုင်ငံ ရီယို ဒီဂျနေးရိုးမှာ မိုးသည်းထန်စွာ ရွာသွန်းရာကနေ မြေပြိုပြီး ရေကြီးရာမှာ အနည်းဆုံး လူကိုးဆယ်ကျော် သေဆုံးခဲ့ပါတယ်။

နှစ်ဆယ့် လေးနာရီ အတွင်း မိုးရေချိန် ဆယ့်တစ်လက်မထိ ရောက်အောင် ရွာချခဲ့ပြီး ရီယို ဒီဂျနေးရိုးမြို့နဲ့ အနီးတဝိုက်က မြို့တွေမှာ လူကိုးဆယ် ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရီယို အုပ်ချုပ်ရေးမှုးက လောလောဆယ် အရေးပေါ် အခြေအနေ ကြေငြာထားပြီး ရီယို မြို့တော်ဝန်ကလည်း အိမ်ထဲမှာပဲ နေကြဖို့ ဆော်သြ ထားပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ရီယို မြို့က လမ်းတွေ အားလုံးနီးပါး ရေအောက် မြုတ်ကုန် ဒါမှမဟုတ် ပိတ်ထားရပြီး မြို့တွင်း သယ်ယူ ပို့ဆောင်ရေး စနစ် တခုလုံး သွက်ချာပါဒ လိုက်နေပြီလို့ ရီယို မြို့တော်ဝန်က ပြောပါတယ်။

သေဆုံးသူ အများစုဟာ ရီယို ဒီဂျနေးရိုးက ကျူးကျော် ရပ်ကွက်တွေမှာ စုပြုံ နေထိုင်သူတွေ ဖြစ်ပြီး မြေပြိုရာမှာ အိမ်တွေ ရွှံ့တွေ မြေကြီးတွေအောက် ရောက်ပြီး သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် လေဆိပ်လည်း ပိတ်ထားရပြီး လမ်းပေါ်မှာ ပိုင်ရှင်က ပစ်သွားတဲ့ ကားတွေပဲ ရှိပါတယ်။

ရီယို ဒီဂျနေးရိုးမြို့ဟာ ၂၀၁၆ မှာ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမဲ့ မြို့ဖြစ်ပြီး ခုချိန်ထိတော့ မြို့ရဲ့ ဘေးအန္တရယ် ပြင်ဆင်မှု အနေအထားဟာ မရှိသလောက်ပဲလို့ မြို့တော်ဝန်က ပြောပါတယ်။

ဘရာဇီး သမ္မတ လူလာကတော့ မြို့အာဏာပိုင်တွေက အဆောက် အအုံတွေကို စံချိန် စံညွှန်းမှီအောင် ဆောက်လုပ်အောင် ကြပ်မတ်မှု မရှိတဲ့ အတွက် ခုလို လူအများ သေဆုံးရတာလို့ အပြစ်တင်ပါတယ်။

ခုပျက်စီးသွားတဲ့ နေရာတွေမှာ နောက် ဒီလို အဖြစ်မျိုးကို ရှောင်နိုင်အောင် အခြေခံ အဆောက် အအုံတွေကို တိုးတက် ကောင်းမွန်အောင် လုပ်ဆာင်သွားမယ်လို့ ဆိုပါတယ်။

ခုတော့ မိုးတိတ်တဲ့ထိ စောင့်ပြီး မြေပြို နိုင်တဲ့ အန္တရယ် ကြီးကြီး မားမား ရှိတဲ့ နေရာတွေကနေ လူတွေကို တခြားကို ရွှေ့ပေးဖို့ စီစဉ်ရမယ်လို့ ပြောသွားပါတယ်။

ရေက တရိပ်ရိပ် တက်နေတော့ ပျာယီးပျာယာ ဖြစ်နေကြတယ်။ တနေရာက ရေကြီးလို့ တခြား တနေရာကို ကြည့်လိုက် ပြန်တော့လည်း အဲ့ဒိမှာ ရေကြီးနေတယ်။ ဒီတော့ ဘယ်သွားရမှန်းကို မသိတော့ဘူးလို့ မြို့ခံ တယောက်က ပြောပါတယ်။

တကယ်တော့ ခုမြေပြိုကျတဲ့ နေရာက မြေသားဟာ ပျော့တဲ့အတွက် နှစ်တိုင်း မိုးနည်းနည်း သည်းလာတာနဲ့ ခုလို မြေပြိုမှုမျိုးကို တွေ့ရတတ်တယ်လို့ ဘီဘီစီ ဘရာဇီး ဌာနက သတင်းထောက်က ရီယိုမြို့ကနေ သတင်းပေးပို့ပါတယ်။

ခုပြသနာဟာ နှစ်စဉ် ကြုံနေရတဲ့ ပြသနာ ဖြစ်ပြီး ခုထိ ထိထိ ရောက်ရောက် ကိုင်တွယ် လုပ်ဆာင်တာ မရှိသေးဘူးလို့ ပြောပြခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။