
ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရရှိရေး အင်န်အယ်လ်ဒီ တိုက်ပွဲဝင်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အင်န် အယ်လ်ဒီ) အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ် ဖျက်သိမ်းရေး တို့ကို ကြိုးစား ဆောင်ရွက်ခဲ့ပေမဲ့ ဒီကာလ တလျှောက်မှာ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မကြာခဏ ထိန်းသိမ်းတာ၊ အဖွဲ့ဝင်တွေကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်ခဲ့တာတွေကြောင့် ဇွဲနဘဲနဲ့ လုပ်ခဲ့ပေမဲ့လည်း မအောင်မမြင် ဖြစ်ခဲ့တာတွေအတွက် ပြည်သူကို တောင်းပန်ပါကြောင်း အင်န်အယ်လ်ဒီက ပြည်သူသို့ ပန်ကြားချက်ဆိုပြီး ဒီကနေ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဖွဲ့ချုပ်နဲ့ တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ဖို့ ပြောတဲ့ ဦးဉာဏ်ဝင်း
ဇွဲနဘဲနဲ့ ဆိုတာမှာ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး (ဒိုင်ယာလော့ဂ်) စတာ တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရော၊ အင်န်အယ်လ်ဒီ အနေနဲ့ရော ပြောဆိုခဲ့ပေမဲ့ အာဏာပိုင်တွေက အကြောင်း မပြန်ခဲ့တာ တွေကြောင့် မအောင်မမြင် ဖြစ်ခဲ့တာအတွက် ပြည်သူကို တောင်းပန်ပါကြောင်း အင်န်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်နဲ့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ အင်န်အယ်လ်ဒီဟာ ပြည်သူကို မျက်ကွယ်မပြုဘူး၊ ဒီမိုကရေစီရရှိရေးကို မျက်ကွယ်မပြုဘူး၊ ဆက်လက်ပြီး ဥပဒေဘောင်အတွင်းကနေ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
အင်န်အယ်လ်ဒီအနေနဲ့ ပြည်သူတွေကိုတော့ ဘာဆက်လုပ်ပါလို့ မပြောချင်ပေမဲ့၊ မိမိတို့ အကျိုးစီးပွားအတွက် အဖွဲ့ချုပ်နဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောချင်ပါတယ်လို့ သူက ပြောပါတယ်။
ရှေ့ကိုဆက်ပြီး နေ့စဉ်လုပ်ငန်းတွေ အနေနဲ့ ဘာတွေ ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားဖို့ရှိပါသလဲလို့ မေးတာကိုတော့ ဦးဉာဏ်ဝင်းက အမျိုးသား နိုင်ငံရေးကို နည်းလမ်း ပေါင်းစုံနဲ့ လုပ်ကိုင်သွားမယ်၊ ထုတ်ပြလို့တော့ မရဘူး။ ထုတ်ပြလိုက်တာနဲ့ မြန်မာပြည် ဥပဒေတွေနဲ့ ငြိမှာမို့ (စွပ်စွဲခံရမှာမို့) ချင့်ချိန် လုပ်ရမယ်လို့ ပြောပါတယ်။

